ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Tuesday, June 22, 2010

ကမ်းမကပ်နိုင်တဲ့ည


ဒီည

ညနဲ့ထွေးလုံးသတ်ပုတ်။

လက်မမြှောက်ဘူး။

မရှုံးဘူး။

ဒါပေမယ့် ထွက်ပြေးလိုက်ရတယ်။


သူစိမ်းတရံ ကြယ်ကလေးတွေ သွေးအေးလွန်းတယ်။

မျိုးစေ့မှန်ပေမယ့် အပင်မသန်တဲ့ ဘ၀တွေ ချူချာနိုင်လွန်းတယ်။

ရှိုက်သံရှည်တဲ့ ညီမလေး အားငယ်တတ်လွန်းတယ်။

ရယ်သံပြင်းတဲ့ မေမေ ရိုးသားနိုင်လွန်းတယ်။


ကြယ်ကလေးတွေ နေကြစမ်း၊

ပတ်လမ်းကနေ မကြွေမချင်း နေကြစမ်း။

ဘ၀တွေ ချူချာစမ်း၊

နောက်မလှည့် ဘေးမငဲ့ တည့်တည့်မတ်မတ် ချူချာစမ်း။

ညီမလေးရေ ငိုလိုက်စမ်း၊

မင့်ရင်ထဲ လည်နေတဲ့ ကမ္ဘာကြီး တန့်ရပ်သွားတဲ့ထိ ငိုလိုက်စမ်း။

မေမေရေ ရယ်လိုက်စမ်း၊

ဝါးလုံးတွေ ဖျန်းဖျန်းကွဲသွားကြတဲ့ထိ ရယ်လိုက်စမ်း။


ကူတဲ့ဝါးပဲ ဖြစ်ဖြစ်၊

ထိုးတဲ့ဝါးပဲ ဖြစ်ဖြစ်၊

စူးတဲ့ဝါးပဲ ဖြစ်ဖြစ်၊

ဘာဝါးပဲ ဖြစ်ဖြစ်ပေါ့။

သား မသေနိုင်ပါဘူး မေမေ။


ညီမလေးရေ

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့

တို့မုသားတွေ အရောင်ဆိုးထားဖို့ လိုတယ်နော်။

ဆွတ်ဆွတ်ဖြူပဲပေါ့ကွယ်။


ဒီည

ညကိုပြန်ရှာ၊

ဘ၀ကို ပြန်ရှာ၊

ကြယ်လေးတွေကို ပြန်ရှာ၊

မေမေ့ရယ်သံ ပြန်ရှာ၊

ညီမလေးရဲ့ရှိုက်သံ ပြန်ရှာ၊

မုသားတွေကို ပြန်ရှာ။

လက မသာဘူး။

ဒါပေမယ့် လင်းလက်နေတယ်။

စရ

SG2.30, June 22, 2010

Monday, June 14, 2010

လှဲကျင်းထားတဲ့ ညနေ

အဲဒီနေ့ကပဲ ဖြစ်ဖြစ် ထိုနေ့ကပဲ ဖြစ်ဖြစ် ဂျွန်လ၏ ရေခဲမုန့်စားသော တစ်ရက်ဆိုတာ သေချာသည်။ ကျနော်တစ်ယောက်တည်း ညနေခင်းတစ်ခုလုံးကို ပေါက်ပေါက်ဆုပ်လို ၀ါမျိုချနေသည်။ လည်ချောင်းနင် သွားသောကြောင့် လက်ထဲမှ ဆည်းဆာကို လွှတ်ချမိတော့မလို ဖြစ်သွား၏။

ဟိုးမှာ ငှက်ကလေးတွေ။ ပင်လယ်အတုဘေးမှာ ထိုင်မိတဲ့ ရောဂါလောက် ကူးစက်မြန်တာ မရှိဘူး။ ယာယီအနမ်းများနှင့် မျက်လုံးများက ကျနော့်ချက်ရူးမ်(Chat Room)ထဲအထိ ပူနွေးနေသည်။ လှိုင်းပုတ်သံကလည်း အစစ်မဟုတ်ပြန်။ ဖုန်းတစ်ချက်ခေါ်သံကြားလိုက်၏။ မာရီနာဘေးမှာ ရှိနေမယ်။

ရုံးခန်းထဲရှိ စားပွဲအလွတ်တစ်လုံးပေါ်မှာ လက်ကျန်မျှော်လင့်ချက်များကို ကပျာကရာအိပ်ထဲ ကောက်သိမ်း နေပြီဖြစ်သောချစ်သူက ကျနော့်ပါးကို ကျီစယ်ကာ လှမ်းပုတ်လိုက်သည်။ ကျနော်က စိတ်လိုလက်ရ ရှောင်မိသွား၏။ ဒါ နင် ဆင်ထားတဲ့ အကွက်မဟုတ်လား။

ချစ်သူ နင့်နာမည်တွေကိုပဲ ငါ အာပူတိုက်နေမိတယ်။ နင်က ငါဖြေရမယ့် မေးခွန်းလွှာ။
သို့သော် ကျနော့်ချစ်သူကိုယ်တိုင် ကျနော်ဖြစ်နေခြင်းသည် ကြိုတင်ညှိယူထားသော ဇာတ်ညွှန်း အတိုင်းဖြစ်သည်။ ဤ၀ါကျသည် ချစ်သော တစ်စုံတစ်ယောက်အတွက် မလိုအပ်ဘဲ ဖြည့်စွက်ထားခြင်းဖြစ်သည်ဟု ကျနော်က မှတ်ချက်မပေးပါ။

ဘောလုံးတစ်လုံးကို ပွေ့ပိုက်ကာ ဆင်းသွားသော ဒိုင်လူကြီးကို ငေးနေမိသည်။ ဒီလူ ဘာလုပ်မှာပါလိမ့်။ နိုင်ခြင်းရှုံးခြင်းတွေကို အမှန်အတိုင်းချခင်းပြဖို့ ခရာတစ်လုံးရှိနေတာဟာ သူ့ရဲ့ အဓိပ္ပါယ်ပဲတဲ့၊ ကြောင်လိုက်တဲ့ ကိုလီနာ၊ ခုတော့ ကိုယ့်လူကို နှစ်ထောင့်တစ်ဆယ်ကြီးက ထားခဲ့ပြီမဟုတ်လား။
သူ့ရာသီအတိုင်းပဲ သူပွင့်ပါစေကွယ် ချစ်သူရယ်။

ကျနော်လည်း ဘောလုံးကွင်းထဲ ခုန်ချလိုက်၏။ ဘောလုံးပွဲက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ ကျနော့်အတွက် ကန်ချိန်က တိုတောင်းလှသည်။ သို့မဟုတ် ရှည်လျားလှသည်။ ၀ကာ ၀ကာ ဟေ့ဟေ။ ဆာမီနာ မီနာ ဇန်ဂလဲဝါ၊ ၀ကာ ၀ကာ ဟေ့ဟေ။ ရှာကီရာ၏ ဂီတနွဲ့နွဲ့များ လှုပ်လိုက်တိုင်း အာဖရိက၏ ဆင်ရိုင်းများပြေးထွက်လာသည်။ ကတုံးမဲမဲလေးက ကျနော့်ကို ပြုံးပြလိုက်၏။

ဟစ်ဟော့သီချင်းအပိုင်းအစတွေကို ချက်ပြုတ်ရင်း လှုပ်ရွနေသော ချစ်သူက ကျနော့်ကို နှာခေါင်းရှုံ့ပြသည်။ ထိုသင်္ခါရကို ဘယ်တော့မှ ရှုမှတ်လိမ့်မည်မဟုတ်ပါ။ နွေရာသီ ရိပ်သာစခန်းဝင်စဉ်က တရားပြဆရာ၏ သွန်သင်ချက်ကို အားနာမိသေးတော့၏။

ဘီယာသံဗူးကို မော့ရတာ ကျနော်မကြိုက်၊ ဘီယာပုလင်းနှုတ်ခမ်းများကတော့ ကပ်ငြိစွဲမက်ဖွယ်ဖြစ်သည်။ တစ်ကြိုက်တည်း စုပ်ယူအေးစက်ရသည့် သံသရာရှည်ခြင်းမျိုးကို ကျနော်ကြိုက်သည်။ ဘီယာသောက်တိုင်း ကြားရတတ်သည့် ဂစ်တာသံများကိုတော့ ကျနော်က တူးခါးပစ်လေ့ရှိသည်။

ကျနော်က ရာသီဟောင်း စုတတ်သည့် အတိတ်ကောက်သမားတစ်ယောက်ဖြစ်နေသည့်အခါမျိုးတွင် တယောဘိုးတံများမှ စီးကျလာသည့် ဂန္ဓမာတောင်ကိုသာ မျက်လုံးမှေးပြီး တက်ချင်သည်။

ညင်သာစွာ ကိုင်တွယ်ပါ။
ထိရှလွယ်ကွဲကြေလွယ်သောဖန်ခွက်များကိုသာ နံရံအပြည့် ပစ်ပေါက် ခွဲချေပစ်လိုက်သည်။
ကမ္ဘာ့နံရံပေါ်မှာ ကျနော်သာ ကြည်နူးငြိမ်းချမ်းစွာ တားသွားခွင့်ရလျှင် ပင့်ကူတစ်ကောင်ဖြစ်သွားလည်း ဘာအရေးလဲ။

ခုတော့ ခြင်္သေရုပ်ကြီးရှေ့တွင် ဓါတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။ ယုတ္တိဖြင့် နေထိုင်ရခြင်းက သက်သောင့်သက်သာ ဖြစ်သည် တဲ့။ ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ မနက်ခင်းတိုင်း တံမြက်စည်း လှဲလေ့ရှိပါသည်။သို့သော် သူ့အဇ္ဈတ္တကို လှဲကျင်းထားဖို့တော့ အချိန်ပေးလေ့မရှိပါ။ နောက်ဆုံးတော့ ကျနော်က သူ့ဖိုင်တွဲကို ပိတ်ပစ်လိုက်သည်။

မက်ဆေ့ခ်ျတစ်ခု ။
''Why u leave me alone the whole day, I miss u.''
အိပ်မက်နှင့် နာကျင်မှုကို တင်ဆောင်လာသည့် အမ်အာတီရထားများ တစ်စီးပြီး တစ်စီးထွက်ခွာသွားသည်။ ကျနော်က ညနေခင်းကို ကောက်သင်းကောက်နေမိတုန်း။
(မနေ့က ဖုဒ်စတောလ်တစ်ခုမှာ ကျန်ခဲ့သည့် အုတ်ခဲရောင်မီးခြစ်လေးအကြောင်းကိုတော့ ကျနော်ဆက်မတွေးဖြစ်တော့ပါ။)

လင်းရီဇော်
(၁၄-၀၆-၂၀၁၀)


Sunday, June 13, 2010

THE CALLS


ဘာရယ်မဟုတ်တဲ့ အတွေး အတိုအစတွေထဲမှာ..လူတွေ..
မကင်းနိုင်ကြတဲ့တရားတွေအကြောင်းတွေးနေမိတယ်။

လူတိုင်းအချစ်နဲ့မကင်းနိုင်။ အမုန်းနဲ့မကင်းနိုင်။အလွမ်းနဲ့မကင်းနိုင်။ အကြွေးနဲ့မကင်းနိုင်။အတွေးနဲ့မကင်းနိုင်။သတင်းနဲ့မကင်းနိုင်။အတင်းနဲ့မကင်းနိုင်။
ဝေဖန်ရေးနဲ့မကင်းနိုင်။လူချခြင်းများနဲ့မကင်းနိုင်။
အဲဒီလို.. မကင်းနိုင်ခြင်းတရားများနဲ့ မကင်းနိုင်။


ဝေဖန်ရေးအကြောင်းတွေးမိတော့...ကျနော်ဘယ်တုန်းကဖတ်ဖူးတာမှန်းမသိတော့..
ဘယ်သူပြောခဲ့တာမှန်း
မမှတ်မိတော့တဲ့ စကားလေးတစ်ခွန်းသွားသတိရတယ်။ ဝေဖန်ရေးဆိုတာ..စကားလုံးတွေနဲ့ ပါးရိုက်ခြင်းသက်သက်” တဲ့။
တော်တော် မချိမဆန့် ခံခဲ့ရလို့သာ..သူ့ခမျာဒီလိုပြောရရှာတာနေမှာလို့..တွေးမိပါတယ်။

ဒီလိုပါပဲ။ ဝေဖန်ရေးအမျိုးပေါင်း..သောင်းခြောက်ထောင်လောက်နီးပါးရှိမရှိ မသိပေမဲ့...
လူတွေက..လူတွေ
ကို..အချင်းချင်းဝေဖန်ကြပါတယ်။
ဒါကိုမှ..အားမရသေးရင်..သတ္တ၀ါတွေကိုဝေဖန်ပါတယ်။

ဒါမှအားမရသေးရင်.. သက်ရှိလောက တစ်ခုလုံးကိုဝေဖန်ပါတယ်။
သက်ရှိလောကကြီးတစ်ခုလုံးကိုပိုင်ပိုင်နိုင်နိုင်ဝေဖန်ပီးသွားတဲ့အခါ...
အဲဒီပုဂ္ဂိုလ် သတ္တ၀ါအတ္တဘောကြီးလည်း.လောကမှာငါလူဖြစ်ရကျိုးနပ်ပီလို့
သွေးတွေနထင်ရောက်...
“ငါဟာကမ္ဘာမြေပေါ်မှာ..
ဝေဖန်ရေးဆရာ(ကြီး)တစ်ဆူဖြစ်ခဲ့တယ်”လို့ကြုံးဝါးပြီး..
သက်ရှိလောကကြီးကနေပျော်ပျော်ကြီး..ထွက်ခွာသွားပါလေတယ်။

ဒီလို..ဒီလို..လူတွေဟာ..ဝေဖန်ရေးမှာယဉ်ပါး..ဝေဖန်ရေးမှာ..တိမ်းမူး.
.ဝေဖန်ရေးမှာသာယာ..ဝေဖန်ရေးကိုတပ်မက်...။
တချို့ဝေဖန်ရေးတွေက..“ငါးစိမ်းသည်” ဆန်။
တချို့ဝေဖန်ရေးတွေက..(ဘောလုံးစကားနဲ့ဆို)“လူချ”။
တချို့ဝေဖန်ရေးတွေက..“အကွပ်မဲ့တဲ့ကြမ်း ဗရမ်းဗတာ။
တချို့ဝေဖန်ရေးတွေက..“သူ့လူကိုယ့်ဖက်သား” ဖြစ်အောင်လုပ်။
တချို့ဝေဖန်ရေးတွေက..“ငါ့စကားနွားရ”။
တချို့ဝေဖန်ရေးတွေက..“အမေကျော်ဒွေးတော်လွမ်း”။
တချို့ဝေဖန်ရေးတွေက..“ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ”။
တချို့ဝေဖန်ရေးတွေက..စစ်တုရင်ကွက်တွေလို အကွက်ကျကျ..ထိုးစစ်ဆင်။
အဲဒီလို...ခင်ဗျားတို့ ကျနော်တို့မပြောနဲ့။
ဒီဝေဖန်ရေးဟာ..ဘုရားရှင်ကိုယ်တိုင်တောင်မှမလွတ်ခဲ့တဲ့လူ့ဘ၀မျိုးပါ။

တခါတရံမှာ..ငှက်သံတွေနဲ့သာယာစိမ်းစိုနေတဲ့ ကျနော်တို့ကမ္ဘာဟာ..
အဲသလို သိပ်ထူးထူးထွေထွေ..မလိုအပ်တဲ့..

အချင်းချင်းဝေဖန်ဆန်းစစ်မှုလွန်ကဲခြင်းတွေကြောင့်...အကျည်းတန်ခဲ့ရတယ်။
စစ်မှန်တဲ့ ဆန်းစစ်ဝေဖန်မှုဆိုတာကို..ကျနော်တို့ကြိုဆိုသင့်လှပေမဲ့...
အဲဒီ“စစ်မှန်တဲ့” ဆိုတာလေးက
ခင်ဗျားနားမှာ..ကျနော့်နားမှာ..
ခင်ဗျားနဲ့ကျနော်နဲ့နားမှာ..ခင်ဗျားတို့ကျနော်တို့နားမှာ..
ဘယ်လောက်
“စစ်မှန်ပြ” မှာတဲ့လဲ။
များသောအားဖြင့်..ကျနော်တို့ကိုပါးရိုက်သွားတာများပါတယ်။

ခင်ဗျားကိုလဲ ပါးရိုက်..ကျနော့်ကိုလဲပါးရိုက်..သူတို့အချင်းချင်းလဲ လှည့်ပတ်ပါးရိုက်...
ဒီလို..
ငါးစိမ်းသည်ဆန်..လူချ..အကွပ်မဲ့ကြမ်း..သူ့လူကိုယ့်ဖက်သားလုပ်..ငါ့စကားနွားရ..
အမေကျော်ဒွေးတော်လွမ်း
...ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းမသိ..စစ်တုရင်ရွှေ့...။
ပင်ပမ်းတယ်။Pessimist တစ်ယောက်ရဲ့ မောဟက..သူကိုယ်တိုင်ကို..အရင်လောင်မယ်။
ပီးရင်..ခင်ဗျားကို..ပီးရင်ကျနော့်ကို..ပီးရင်..ဟောဒီသက်ရှိလောကကြီးတခုလုံးကို...
ဘာကောင်းရာမွန်ရာတွေ..ဖြစ်ထွန်းပေါ်ပေါက်ခဲ့စေသလဲတဲ့။
ဒီလို..အဘိဓမ္မာဆန်သူတွေက..ထပ်ဆန်းစစ်ဝေဖန်ကြတယ်။

ဒီကမ္ဘာမြေမှာ..ဝေဖန်ရေးဟာ လိုအပ်ပါတယ်။
ဒီအဆိုကို ပိုက်ဆံတစ်ပြားမှမရလဲ..ကျနော် လှိုက်လှိုက်လှဲလှဲထောက်ခံအပ်ပါတယ်။
ဒီစာပေလောကမှာ..စာပေဝေဖန်ရေးဆိုတာ..လိုအပ်တယ်။
ဒီအဆိုကို..ဒီအဆိုကို...ကျနော်...စိတ်မပါလက်မပါ ထောက်ခံပါတယ်။
(ဝေဖန်ရေးဆရာကြီးများရဲ့..မငြိမ်းချမ်းမှု ကိုတော့..ကမ္မသက္ကာပေါ့ဗျာ။)
ဒီဘလော်ဂါလောကမှာ..ဘလော့ ဝေဖန်ရေးဆိုတာ လိုအပ်တယ်။
ဒီအဆိုကို..ထောက်ခံသူတွေကို..အပြည်ပြည်ဆိုင်ရာ..မြန်မာဘလော့များ
ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး
အသင်းဝင်အဖြစ်..အကြွင်းမဲ့သတ်မှတ်ပေးမှာဖြစ်ပီး..
မထောက်ခံသူများကိုတော့..အဲဒီအသင်းကြီးရဲ့
ရာသက်ပန်အတိုက်အခံပါတီဝင်
တစ်ဦးပဲဖြစ်ရမယ်လို့...သတ်မှတ်စွပ်စွဲခြင်းခံရမှာဖြစ်တယ်။

ကဲ...မိတ်ဆွေ...။သင်ကရော...ဘာကိုထောက်ခံမှာလဲ..ဘာကိုမထောက်ခံမှာလဲ...။
ကွဲကွဲပြားပြား..အသင့်ရှိနေဖို့..လိုအပ်သတဲ့။

ဝေဖန်ရေးအကြောင်းဘာရယ်မဟုတ်တွေးမိတော့..“နရီမင်း”ရဲ့
ကဗျာတစ်ပုဒ်ကိုသွားသတိရတယ်။
၂၀၀၀ခုနှစ်လောက်က ရုပ်ရှင်တေးကဗျာထဲက။ အဲဒီကဗျာလေးကြောင့်ပဲ..ကဗျာဆရာနရီမင်းနဲ့မိတ်ဆွေဖြစ်ခဲ့ပါတယ်။
“ခေါ်သံများ” လို့ခေါင်းစဉ်ပေးထားတဲ့ အဲဒီကဗျာလေးထဲမှာ..ကျနော်တို့

အားလုံးရဲ့..အမည်နာမ တွေ..ကျနော်တို့အတွက်..လက်ခုပ်သံတွေ..
ဆဲရေးသံတွေ..လူချသံတွေ..
ဆူဆူညံညံပါဝင်နေပါလိမ့်မယ်။
ပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုဟာ..(အချိန်ပြည့်) ကိုယ့်ရဲ့သွေးလေညီညွတ်မှုကို
ချောက်ခြားသွားအောင် မလုပ်နိုင်
စေသင့်ဘူးဆိုတာလေး...
သရော်သံနဲ့လက်ခုပ်သံဆိုတာ...တစ်ကနေခြောက်အတွင်းမှာရှိတဲ့
အံစာတုံးတတုံးလိုပဲဆိုတာလေး

လူတစ်ကိုယ်ချင်းစီရဲ့..တည်ရှိနေတဲ့ထောင့်တစ်ခုစီကနေ..
လူတိုင်းမှာ“ထင်ခွင့်” အမျိုးမျိုး ရှိနေတတ်တာလေး...

ကိုယ့်စိတ်ကူးအတွင်းသားတွေဟာ ကိုယ့်တကိုယ်ရေစာသေချာမှုတွေနဲ့
စနစ်တကျ စမတ်ကျကျ..ရှိနေဖို့လေး..

လူတိုင်းရဲ့..လွတ်လပ်စွာထင်မြင်ယူဆခွင့်တွေမှာ..ဖြစ်နိုင်ချေတွေ..မဖြစ်နိုင်ချေတွေ..
အချိုးမကျတကျရောနေတာဖြစ်လို့...ကိုယ့်လမ်းကိုကိုယ်မားမားမတ်မတ်
ကြံ့ကြံ့ခိုင်ခိုင်..ဆက်လျှောက်နိုင်စေချင်တာတွေ

ဒီလို...စိတ်၊ ဆန္ဒ စေတနာမျိုးတွေ ....ကိုယ်တိုင်အတွက်ရယ်...
ကိုယ့်ပတ်ဝန်းကျင်က...အဝေဖန်ခံနေရတယ်
လို့စိတ်ပျက်လက်ပျက်ပြောလာတဲ့..
မိတ်ဆွေသူငယ်ချင်းတွေရယ်အပေါ် ..ဖြစ်တည်လာတဲ့အခါတိုင်း...

ဒီကဗျာလေးကို..ပြန်ဖတ်ဖြစ်ပါတယ်။

“ခေါ်သံများ”

နောက်ကနေလက်ခုပ်တီးသံကြားလိုက်ရ
ကျွန်တော့်ကိုခေါ်နေတာများလား
လှည့်ကြည့်မိတော့
နံပြားလုပ်ဖို့ ဂျုံကိုလက်ပေါ်တင် ရိုက်နေတာပါလား။

နောက်ကနေ လက်ခုပ်သံတွေကြားရပြန်ပြီ
ကျွန်တော်လှည့်မကြည့်ဖြစ်ဘူး
တဆက်ထဲမှာ ကျွန်တော့်နာမည်ခေါ်လိုက်သံ
အဲဒီလိုခေါ်နေတဲ့ သူကရော
ကျွန်တော့်ကို ဂျုံလို လက်ပေါ်တင်ပြီး
နံပြားရိုက် ရိုက်မှာလား
မီးသွေးခဲတွေက နီရဲလို့။
အပေါက်ဝိုင်းဝိုင်းလေးထဲ
အုတ်ဖို တအားပူပြင်းနေရော့မယ်။
ကျွန်တော်လှည့်မကြည့်ရဲဘူး။ ။

နရီမင်း
(မတ် ၂၀၀၀၊ရုပ်ရှင်တေးကဗျာ)


အချင်းချင်း အမျက်အအီတစ်စေ့မရှိ၊

ချစ်သောမျက်စိဖြင့်ဝေဖန်နိုင်ကြစေ။
သရ(၁၃ဇွန်၂၀၁၀)

Tuesday, June 8, 2010

“အထားအသိုမှားတဲ့မီး”

“ဘယ်သူမပြု မိမိမှု” တဲ့
ကာလသုံးပါးစလုံးမှာ
ကံသုံးပါးစလုံးနဲ့..
အဲဒီနံရံပေါ်ကစာသားလေးဆီ
ငါဦးညွှတ်အလေးပြုခဲ့ရ။

အာကာသဆီလမ်းများနေလို့
ငါ့ကမ္ဘာမီးလောင်နေတာ..မသိလိုက်။
ငါ့အိမ်မီးလောင်နေတာ..မသိလိုက်။
ငါ့ခန္ဓာမီးလောင်နေတာ ..မသိလိုက်။
ဆယ့်တစ်မီး
ဆယ့်နှစ်မီး
ဆယ့်သုံးမီး
ဟူး....ပူလွန်းလှတယ်။

ဒီလို.. မိုက်မဲမှုတွေကို
ဒီလို.. နောင်တတရားတွေကို
ဒီလို..အဖိတ်အစဉ်များတဲ့နေ့ရက်တွေကို
ဒီလိုဆောက်တည်ရာ ယိုင်နဲ့နဲ့အတွေးတွေကို
(ကိုနော ပြောသလို..)
ဒီလို“ကွန်ကရစ်တောထဲပစ်ချခံထားရတဲ့ဘ၀” ကို
ဒီလိုလောကဓံရှစ်ပါးထဲ ချောင်ပိတ်အရိုက်ခံနေရတာတွေကို
ဒီလို..တိတ်တဆိတ်သိမ်ငယ်အထီးကျန်မှုတွေကို
ဒီလို..မသိဆိုးရွားအ၀ိဇ္ဇာတွေကို
ဒီလို..သက်တမ်းနဲ့အမျှရင့်မှည့်လာတဲ့..အတ္တတွေကို
ဒီလောင်နေတဲ့မီးထဲ..ထည့်လိုက်ချင်ပါဘိ။

ဒီလိုကြာကြာဝါးမှ ခါးမှန်းပိုသိလာတဲ့ဘ၀မှာ
ဒီလိုကျောမှီချလိုက်ဖို့ နံရံပျောက်နေတဲ့ဘ၀မှာ
ဒီလိုအဖန်ငါးရာကို..ပျင်းရိသွားတဲ့ရူးသွပ်မှုတွေမှာ
ဒီ “Mirror” ဆိုတဲ့ကဗျာနဲ့အိပ်မိတဲ့ညမှာ
စီလ်ဗီယာ ကို အားကျစိတ်တစ်ဝက်
ကိုယ့်ကိုကိုယ်မြတ်နိုးစိတ်တစ်ဝက်နဲ့
ဒီမီးပုံထဲ...ကိုယ်တိုင်..ခုန်ချချင်ခဲ့...။
မလုပ်နဲ့။
မလုပ်နဲ့။

ရုပ်ကလှုပ်နေတာလား
နာမ်ကလှုပ်နေတာလား
ရုပ်ကရှုပ်နေတာလား
နာမ်ကရှုပ်နေတာလား
ငြိမ်ငြိမ်နေ...
ငြိမ်းငြိမ်းနေ...
ဒီလို..အပ္ပမာဒေန မှာသမ္မာဒေထ ဖို့
အရေးပေါ်သွေးလိုနေတယ်။
အရေးပေါ်ဆေးဝါးလိုနေတယ်။
အရေးပေါ် ကုသချက်လိုနေတယ်။


(ကုသချက်-၁)
သီချင်းအေးအေးလေးတွေနားထောင်ပါ။
(ဟစ်ဟော့ဆူဆူများရှောင်။)
ကဗျာနုနုလေးတွေဖတ်ပါ။
(စီလ်ဗီယာပလပ့်သ် ကဗျာများရှောင်။)
စာများများဖတ်ပါ။
(ထောင်စာပေများ..ထောင်တွင်းအတွေ့အကြုံစာပေများရှောင်)

်ဘုရားမှန်မှန်ဝတ်ပြုပါ။
(ဂျီကျဆုတောင်းခန်းများရှောင်။)
မေတ္တာများများပို့ပါ။
(ဟိုသူ့ချန် ဒီသူ့ချန်ခြင်းများရှောင်)
စိတ်ကိုပျော်အောင်ထားပါ။
(စိတ်ကိုပျော့အောင်ထားခြင်းရှောင်။)

(ကုသချက်-၂)
ကာလာမသုတ် ကိုခေါင်းအုံးအိပ်ပါ။
(ကုလားမအသုတ်များ မစားရ။)
ကိုယ်ဆောက်ခဲ့တဲ့အဆောက်အအုံက
ကိုယ့်ကိုပြန်ပုံသွင်းလိမ့်မယ်ဆိုတာယုံထားပါ။
(သံကူကွန်ကရစ်ပါမပါ အာမခံရှိရမည်။)
ကံ-ကံ၏အကျိုးကိုယုံပါ။
(ကန်ကိုဖြတ်ထိုး တံတားကျိုးပေါ်လမ်းမလျှောက်ရ။)
မိဘမေတ္တာကိုယုံပါ။
(မုန့်ဖိုးမပေးတော့သောဆယ်နှစ်တာကိုမေ့ထားရမည်။)
ရွှေယုန်နဲ့ရွှေကျားပုံပြင်ကိုမကြာမကြာပြန်ဖတ်ပါ။
(မုသာဝါဒသည်ဈေးအပေါဆုံးချိုချဉ်ဖြစ်၏။)
“စိတ်ကောင်းထားရှိ အကျိုးများ၏..” ကိုယုံပါ။
(ကိုယ့်ယုတ္တိဗေဒနှင့်ညီနိုင်သလောက်သာ။)
နောက်...
ယုံချင်သလိုလိုဖြစ်နေသောစကားများကိုလဲ ယုံပစ်ပါ။

(ကိုယ်တာဝန်ယူနိုင်သောကိုယ့်ရွေးချယ်မှုမျှသာ။)

(ကုသချက်-၃)
အဲဒီယုံကြည်မှုတွေကိုစိတ်ချလက်ချထားလိုက်ပီး
ယနေ့ည နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်ကြိုးစားပါ။
မနက်ဖန်မနက် ကြည်ကြည်လင်လင်နိုးထအောင်ကြိုးစားပါ။
အာရုဏ်ဦးငှက်များ၏တေးဆိုသံ
အက်ဆစ်မိုးတိမ်ကြားမှ နေခြည်
ပျုားပန်းခတ်လမ်းမလျာကြီးနှင့်
ငြီးငွေ့ဖွယ်နေ့သစ်များကို
တန်ရာတန်ကြေးပေးဝယ်ယူလိုက်ပါ။
ဘ၀သည်...
အစိမ်းဆတ်ဆတ် မာကျောကျွတ်ဆတ်နေသော..
(ဟမ်ဘာဂါကြားညှပ်စားပစ်ဖို့ကောင်းသည့်..)
ဆလပ်ရွက်တစ်ရွက်သာဖြစ်သည်။


သရ
(၈ဇွန်၂၀၁၀)
(ဒီလိုစိတ်တွေအညောင်းမိနေတုန်း...ဒီလိုအပျင်းကျောဆန့်မိပါတယ်။)






“သြကာသလောကရဲ့ဘာသာစကား”

ရိုကျိုးမှုအပြည့်နဲ့ပုံဖျက်ထားတဲ့ဒီပင်လယ်ဟာ
အရာရာထက်ခက်မာကြမ်းတမ်းသေးရဲ့။
ဘယ်သူကမှ ကဗျာကိုနားမထောင်
ပင်လယ်ဆိုတာလည်း နားထောင်စရာမှမဟုတ်ဘဲ။
ရေစက်ရေပေါက်
ဒါမှမဟုတ်...ရေတွန်းထိုးအား...
အဓိပ္ပာယ်လုံးဝကို ကင်းမဲ့။
ဒါဟာ
ပေါင်မုန့် နဲ့ ထောပတ်
ငရုတ်ကောင်း နဲ့ ဆား။
သေခြင်းတရား
လူငယ်လူရွယ်တွေ တောင့်တတဲ့ အရာ။
ဦးတည်ချက် ကင်းမဲ့စွာကမ်းခြေကို ၀င်ဝင်ဆောင့်။
ရည်ရွယ်ရာ ကင်းမဲ့တဲ့ အဖြူရောင် အချက်ပြတွေ။
ဘယ်သူမှကဗျာကို နားမထောင်ကြဘူး။


စရ
8June2010
5:00pm(SG)

Monday, June 7, 2010

သံသရာရေချမ်းစင်

လမင်းအူသံတွေ မကြားရတဲ့ ညတစ်ညမှာ ထရေးမိတဲ့ အိပ်မက်မှတ်စုလေးပါပဲ။ “သံသရာရေချမ်းစင်”လေးကို သတိရစွာဖြင့်။

အိပ်မပျော်တဲ့အတိုင်း
ညကို
သိမ်းထားလိုက်ပါကွယ်။

ပြိုးပြက်သွားတဲ့
စကားလုံးတွေနဲ့ပဲ
ဘ၀ကို ချုပ်ဝတ်ခဲ့ပါတယ်။

အချစ်ရေ
နင့်သံသရာမှာ
ကမ္ဘာတစ်သိန်းစာ
ငါ
လက်မှတ်ရေးထိုးလိုက်ပါပြီ။

အချစ်ကပွင့်တဲ့အပျော်ဆိုရင်
ရေပွက်ပမာလေးမှာလည်း
ငါကူးခတ်နေပါ့မယ်။

ငါတို့ကဗျာတွေ
မျက်ရည်တစ်စက်စိုတိုင်း
ငါတို့အနမ်းလက်တွေ
တင်းတင်းဆုပ်ထားကြမယ်လေ။

ပါရမီတိုးတိုးလေးတွေအတွက်
ရိုးရိုးလေးလွမ်းမိတော့
မုဒိတာအိုးလေးကလည်း
အေးလို့။

အချစ်ရေ
ငါ့အိပ်မက်စင်လေးမှာ
နင့်အပြုံးတွေပဲ
'သာ' တယ်။


လင်းရီဇော်
(၇ ဇွန်လ ၂၀၁၀)