Monday, October 25, 2010
အငို
အရာရာ
မကျန်းမာတဲ့အခါ
သစ်ရွက်အကြွေလေးလို
ပင်စည်ကို တ ရှာပေါ့ မေမေရယ်
မြေပေါ်တရွတ်ဆွဲပါသွားခဲ့ရခြင်းများ
လေထဲ သဲတရှပ်ရှပ်နေ့ရက်များ
အပျံသင်ခဲ့ခြင်းဟာ
အပြန်လမ်း မသိနိုင်အောင်များလား
အဝေးဆီ ပျံသန်းပြေးထွက်သွားခဲ့ရပေါ့
မေမေရယ်...
ဥသြငှက်လေး ငိုကြွေးလွမ်းဆွတ်ရာ အကိုင်းမှာ
ဟောဒီ သစ်ရွက်ရိုင်းလေးအတွက်
ပြန်ဆက်စရာအညှာ မရှိတော့ပြီလား
သောကနဲ့ တသားထဲမို့
ဘ၀က အလျားရှည်လွန်းတယ်
ဟိုး..ငယ်ငယ်တုန်းကလိုဆို
မေမေ့ရှေ့မှာထိုင် ထိုင် ငိုပြီး
ဟောဒီ လောကကြီး ကိုလေ
တိုင်လိုက်ချင်တာပါပဲဗျာ။
(သစ္စာပိုင်စိုး)
ရုတ်တရက်ရွာချလိုက်တဲ့မိုးကြောင့် ရေစိုနှုးအိစုတ်ပြဲကုန်တာမျိုးလဲ
မရည်ရွယ်ပါဘဲဖြစ်လေ့ဖြစ်ထရှိသလို...အမှတ်မထင် မတော်တဆ ဖြစ်တတ်တဲ့
အခါမျိုးတွေမှာ...လူ့နှလုံးသားဟာ...အရည်တစ်မျိုးကို အရှိန်ပြင်းပြင်း ညစ်ထုတ်
လိုက်ပါတယ်။ ဒါကို မျက်ရည်လို့ တခုတ်တရ ဘာသာပြန်မိတော့....
Foma Gordeyev လေးလို (မှောင်မိုက်မှာငို) ရင်း သစ္စာပိုင်စိုးရဲ့
အဟောင်းလေးတစ်ပုဒ်နဲ့...အပြာရောင်တနင်္လာ ကို ခင်းကျင်းချထားလိုက်ပါတယ်။
ဘာမှ ဆက်လုပ်လို့မရတဲ့အနေအထားတွေရောက်ရင်...ခဏရပ်နေပါ...တဲ့။
ခဏဆိုပီးရပ်နေတုန်း...ရှုစရာအောက်ဆီဂျင်လေးတောင် မလုံလောက်တဲ့ဘ၀ကို
ဘယ်လို ယောနိသောမနဿီကာရ လိုက်ရပါ့မလဲ။
ကောင်းကင် ပေါ်မှာတော့...Haze တွေက အငြိုးတကြီး
ကျနော့်အောက်ဆီဂျင်ပိုက်ကို
ဆွဲဖြုတ်ချဖို့ ခုထိ ကြိုးစားနေတုန်း။
အညှာတာ ကင်းမဲ့လိုက်ပုံများလေ။
vowel
25Oct2010
Saturday, October 16, 2010
October Travel By Samsara Train(1)
‘Train is coming! Train is coming!’
အိုခေ..လာပါ။ ငါကလည်း..အဲဒီ ထရိန်းဆိုတာကြီးကိုပဲစောင့်နေတာ။
လာထား..လာထား..။
ဒုက္ခတရားတွေနဲ့ မွန်းသိပ်ကျပ်ညပ်နေတဲ့  သူ့ရှေ့ထိုးဆိုက်လာတဲ့
မဟာ SMRT ကြီးထဲ..ဒရောသောပါး(အများနည်းတူ) ပြေးဝင်လိုက်သည်။
‘Doors are closing, tit..tit..tit..titt...’
ဝင်သာဝင်လာတာ..ဘယ်သွားမဲ့ ရထားမှန်းသူမသိ။
အနီးအနားဝေ့၀ဲကြည့်လိုက်တော့လည်း…လူမျိုးခြားရုပ်တွေချည်း။
‘Where is this train going to, Sir?’
အနည်းငယ်စူထွက်နေသောဝမ်းဗိုက်ကို…ထောက်ချင့်သောအားဖြင့်…
ဆာ ခေါ်ကာ..မေးကြည့်လိုက်သည်။
ဆာခေါ်ခံရသူ…ဘီယာဘယ်လီပိုင်ရှင်ကြီးက..တစ်ခွန်းထဲ ခပ်ပြတ်ပြတ်ဖြေ
သည်။ ဝေါ်ပုကျိသောက်…။
ဟိုက်..ဘယ်လိုလူလဲမသိဘူး…ကိုယ်စီးနေတဲ့ရထား
ဘယ်သွားလို့သွားမယ်မှန်းတောင် မသိဘူးတဲ့။
မဖြစ်ဘူး…ဟိုတဖက်က..အစ်မချောချောလေးကို..ငါမေးကြည့်မယ်..စိတ်ကူးကာ
‘Hi, Miss, Excuse me…where’s this train going to?’
‘Sorry, I really don’t know.’
ဟာ..သေရော..။ကိုယ့်နဖူးကိုယ်ဖြန်းခနဲရိုက်ချလိုက်သည်။
ဘာတွေလဲဟ..။လူမှုရေးခေါင်းပါးလိုက်တာ…ဗမာတွေနဲ့များ ကွာချင်တိုင်းကို
ကွာတယ်။ ဗမာတွေများ..မသိလို့လမ်းမေး…အိမ်တိုင်ရာရောက်လိုက်မပို့ရုံတမယ်
သေချာညွှန်းပေးတယ်။ ကိုယ်သိလို့တတ်လို့ကတော့လား…သူများကို…
(ဆရာကြီးလုပ်တယ်..) အဲလေ..သူများကို…ကူညီဖေးမတယ်။
ဒင်းတို့ကျမှ..မသိဘူးချည်း ဘုတောလွှတ်တယ်။ နေနှင့်ဦးပေါ့ကွာ…။
သေချာတာတော့..ခု..သူရောက်နေတာ..ဗမာပြည်မဟုတ်။
တခြားမကြည့်နဲ့…ခု..သူဒါလေးမေးတာကို…ဘူးချည်းချနေတာကိုသာကြည့်။
သူတော်တော်စိတ်ပျက်သွားသည်။ ဘယ်လိုလူမျိုးတွေနှင့် တစ်ခရီးထဲသွားနေရ
ပါလိမ့်..ငါ့နှယ်နော်…။
မဖြစ်ဘူး..ကိုယ့်အားကိုယ်ကိုးဖို့ကြိုးစားရတော့မည်…။
ရထားနံရံမှာ..ခရီးစဉ်တွေရေးမထားဘူးလား…ဘူတာစဉ်တွေကိုမီးစိမ်းလေးနဲ့ပြမထား
ဘူးလား..သူအသည်းအသန်ရှာကြည့်လိုက်သည်။ မတွေ့…။
ရထားနံရံများတွင်..နံရံလုံးပြည့်စာတွေရေးထားသည်။ ဗမာလိုမဟုတ်..အင်္ဂလိပ်လို
မဟုတ်..။သူသည် ဘ၀တွင်..ထိုစာနှစ်မျိုးကိုသာဖတ်တတ်သူဖြစ်ကြောင်း…
ကိုယ့်ကိုကိုယ်ဝမ်းနည်းစွာအသိအမှတ်ပြုလိုက်ရသည်။
သူနောက်တစ်မျိုးပြောင်း စုံစမ်းရပေတော့မည်။ ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းမသိတာ
သိပ်ကိစ္စမရှိ။ ကိုယ်စီးတဲ့ရထား..ဘယ်သွားလို့သွားမှန်းမသိတာ..အရေးကြီးသည်။
သိမှဖြစ်မည်။သိအောင် ကြိုးစားသင့်သည် ဟုသူထင်သည်။
ရထားမှန်ကနေတစ်ဆင့် အပြင်လောက ကိုသူစူးစမ်းလိုက်သည်။
အမှောင်သာကြီးစိုးလို့။ ဟင်….မြေအောက်ထဲရောက်နေတုန်းမို့ဖြစ်နိုင်သည်။
စတေရှင်တစ်ခုခုရောက်ရင်တော့..ဘာစတေရှင်ဆိုတာ..နာမည်ကိုသေချာ
ဖတ်လိုက်မည်။ သူသိထားတဲ့ နာမည်တစ်ခုခုဆိုရင်…ရထား ဘယ်ကိုသွားနေတယ်
ဆိုတာသေချာပေါက်မှန်းလို့ရပေမည်။ အတွေးနဲ့သူတော်တော်ပျော်သွားသည်။
လူဆိုတာ…ကိုယ်ဘယ်သွားနေတယ်…ကိုယ်ဘယ်လမ်းကိုလျှောက်နေတယ်..
အဲဒီလမ်းက..ဘယ်ကိုသွားတဲ့လမ်း..ဆိုတာလောက်တော့..လူဖြစ်တုန်းမှာ
သိခဲ့ဖို့ကောင်းသည်ဟု..သူခိုင်ခိုင်မာမာယုံကြည်သည်။
‘Next station, Manusa Interchange, people who are
continuing Jambudvipa, Pubbavidehadvipa,
Aparagoyanadvipa and Uttarakurudvipa
Please proceed to platform A.’
ကြည်လင်ပြတ်သားလွန်းတဲ့ ကြေညာသံကြားတော့..သူအတွေးထဲက
လန့်နိုးလာသည်။ဘာ..ဘာ…ဘာကြေညာလိုက်တာ…။
သူမကြားဖူး…Manusa interchange….Jambudvipa station…..
ဟာ..ဘာတွေလဲ….။ဘာပဲဖြစ်ဖြစ်..သူဆင်းကြည့်နေလိုက်ရင်ကောင်းမလား။
ခု..သူဘယ်သွားနေတာလဲ…သူ မသိတဲ့အတူတူတော့…ခု..သူဘယ်
စတေရှင်မှာ..ဆင်းနေခဲ့တာလဲ…ဆိုတာ..မသိတာကလဲ..ဘာမှ ပိုမထူးပါဘူး။
ခဏဆင်းကြည့်ရမလား…။ ဘာလုပ်ရမလဲ..အတွေးမဆုံးခင်….ရထားထိုးရပ်သွားသည်။
ရထားထဲမှ..လူတွေအားလုံးကတော့..ထိုင်ရာမပျက်…ရပ်ရာမယွင်း…
သတင်းစာဖတ်သူကသည်းကြီးမည်းကြီးဖတ်…ဖုန်းနဲ့ဂိမ်းဆော့သူက
သည်းကြီးမည်းကြီးဆော့…ဖုန်းပြောသူက…သည်းကြီးမည်းကြီးအော်ဟစ်ပြော
ထောင့်တစ်နေရာက..အတွဲတစ်တွဲကတော့…လူကျပ်တာ အခွင့်ကောင်းယူပြီး
သည်းကြီးမည်းကြီး…သည်းကြီးမည်းကြီးနေကြ….။
အားလုံးတည်တည်ငြိမ်ငြိမ်….။ဟင်..မဆင်းကြဘူးလား…ဘယ်သူမှ..မဆင်းကြဘူး
လားဟ….။တစ်ယောက်တစ်လေတောင် မဆင်းကြဘူးလား။
ဗြုန်းဆို…ရထားတံခါးတွေပွင့်သွားသည်။
‘Mind the platform gap’
ဘာဖြစ်ဖြစ်..သူကတော့ဆင်းနေရစ်ခဲ့မည်..ဆုံးဖြတ်ပြီး…ဆင်းရန်ရွယ်လိုက်သည်။
‘Hey…Are you crazy? Don’t you really know
you cannot drop this station! Wa loa wai….’
ဘာ….မဆင်းရဘူး..ဟုတ်လား…ဒါ လုံးဝ မဖြစ်နိုင်တာပဲ
ဟာ…ကိုယ့် အမ်အာတီ ကဒ်နဲ့ကိုယ်စီးတာ။
တခြားဖက်ဆက်သွားမဲ့လူတွေ..ပလက်ဖောင်း အေ ကို ဆက်သွားတဲ့...
ပြောနေတာ ...မကြားဘူးလား...ဆင်းလို့ရကို..ရ ရမယ်။
‘why? Why cannot?....why?’
သူကမူးရှုးတိုး ပြန်အော်မေးလိုက်သံကို အဘိုးကြီး မကြားတော့…။
တစ်ယောက်မှ မဆင်းတဲ့ရထားပေါ်အပြင်စတေရှင်းပလက်ဖောင်းပေါ်က..
လူတွေ..တအုံတမကြီး…ပြုံတိုးဝင်လာသည်။
အား…သေပါဘီ…ပြွတ်သိပ်ကျပ်ညပ်နေတဲ့ရထားထဲ..သူ…ဒေါက်ဖိနပ်စာမိသွားသည်။
သူခြေသန်းလေးကို…အရွယ်နဲ့မလိုက်အောင်ပြင်ဆင်ရှိုးထုတ်ထားသည့်
အဘွားကြီးတစ်ယောက်၏ဒေါက်ဖိနပ်က..ငုံ့နမ်းသွားသည်။
သူ ကိုယ်ကိုအနည်းငယ် ရို့လိုက်သည်။စိတ်ကိုလဲ..နည်းနည်းငြိမ်အောင်ပြန်ထား
လိုက်သည်။ မဖြစ်ဘူး။ ဘယ်သွားနေမှန်းမသိတဲ့ရထားပေါ်မှာ..သူ..ဘယ်သွား
နေမှန်းမသိရတဲ့အနေအထားက..သူ့ဘ၀မှာ…ပထမဆုံး..ကြီးမားတဲ့
ခံစားချက်တစ်မျိုးကို ပေးနေသည်။ ထိန့်လန့်မှုလား…စိုးရွံ့အားငယ်မှုလား..
တုန်လှုပ်မှုတစ်ခုမှန်းတော့ သူသိသည်။ဘုရားရေ….ငါ…ဘယ်သွားနေတာလဲ…။
ငါ….ဒီရထားပေါ်မတက်ခင်နောက်ဆုံးအချိန်ထိ..ငါဘာတွေလုပ်နေခဲ့သလဲ…။
ဒါကိုတွေးကြည့်လိုက်ရင်…ဒီရထားကိုစီးဖို့..ငါ..ဘယ်စတေရှင်ကနေ
တက်လာတာ..အဲဒီစတေရှင် ကိုငါဘယ်လိုရောက်ခဲ့တာ…ဘာကြောင့်ရောက်
ခဲ့တာ…ဘာအတွက်ရောက်ခဲ့တာ..ဒါကိုငါသိမှာ…ဒါကို ငါသိရင်….ငါ..ဘယ်သွားနေ
တာဆိုတာကိုလဲ..ငါသိမှာပေါ့..။ဟုတ်တယ်…အဖြေ အတော်များများဟာ..အတွင်းမှာ
ရှိတယ်…တဲ့။ ကိုယ့်ကိုကိုယ်သိအောင်လုပ်တာဟာ..လောကရဲ့ပြဿနာ အရှုပ်အထွေး
တော်တော်များများကိုဖြေရှင်းတဲ့..တစ်ခုတည်းသော နည်းလမ်းကောင်းတဲ့။
စဉ်းစားစမ်း….သေချာပြန်စဉ်းစားစမ်း….။
စဉ်းစားစမ်းဆိုမှ…သူခေါင်းတွေကိုက်လာသည်။
Thinking & criticizing is not allowed in station & train!!!
သေလိုက်ပါလား…။ကိုယ့်ခေါင်းနဲ့ကိုယ်တွေးတာကိုတောင်…လာကန့်သတ်
ချင်နေသေးတယ်…တွေးမှာပဲ။ စဉ်းစားမှာပဲ…။လူကွ…လူ…ကိုယ်ဘာကောင်လဲ
ဆိုတာ သိရဖို့..အသက်ရှင်သလောက်..တွေးနေတာ…တွေးမှာပဲ။
သူစိတ်အချဉ်ပေါက်ပေါက်ဖြင့်…အော်ပစ်လိုက်တော့…ဘေးက..လူတွေသူ့ကို
အရူးတစ်ယောက်ကိုကြည့်သလို..ကြည့်သည်။ အေးလေ…ငပိန်းတွေက
ဗမာစကားမှ..နားမလည်ဘဲ..ငါဘာပြောတယ်ဆိုတာ..ဒင်းတို့မသိ။
တရိပ်ရိပ်ပြေးနေတဲ့ရထားက..မြေပေါ် ရောက်လာသည်။
အလင်းရောင်ကိုသူတွေ့ရသည်။လမ်းဘေးမှာလူတစ်ချို့ရွာတစ်ချို့ကိုသူတွေ့ရသည်။
နောက်တော့ တောအုပ်တွေ…တောင်တန်းတွေ..မှာ
တိရိစ္ဆာန်မျိုးစုံကျင်လည်ကျက်စားပျော်ပါးမြူးထူးလို့….။
တစ်ချို့လူတွေက…စိုစိုပြေပြေတောက်တောက်ပပ…သားနှင့်မယားဟန်ကျပန်ကျ
တချို့လူတွေက..မှိန်မှိန်ဖျော့ဖျော့ ညှိုးညှိုးငယ်ငယ်..တစ်ဦးတစ်ယောက်ထဲ
ငေါင်တောင်တောင်…တစ်ချို့လူတွေက..စာသင်နေသည်။ တစ်ချို့လူတွေက
စာရေးနေသည်။ တစ်ချို့လူတွေက..လေပေါနေသည်။
တစ်ချို့လူတွေက..အုပ်စုလိုက်ဆင်တူ ယူနီဖောင်းကြီးများ
တကားကားနှင့်။ တချို့လူတွေက..ဆံပင်မပါကြ..။တချို့လူတွေက…အ၀တ်မပါကြ။
ဟာ…ဒါဘယ်နေရာလဲ..ဘာတွေလဲဟ…ဒီမြင်ကွင်းတွေ..သူဘ၀မှာ..တစ်ခါမှ
မတွေ့ဖူး မမြင်ဖူး။ စတေရှင်းတစ်ခုထဲ ရထားက အမောတကောဝင်ပြန်သည်။
ရထားကိုလိုက်ပါစီးနင်းဖို့စောင့်နေ့သူ လုံးဝရှင်းလင်းနေသော ပလပ်ဖောင်းတစ်လျှောက်
ရထားက အရှိန်ကိုနှေးရုံလေးသာနှေးလိုက်ပြီး…ဆက်လက်ချီတက်သည်။
သူ…စတေရှင်ထဲမှာ…ချိတ်ဆွဲထားသော…စာတန်းများစွာမှ..အင်္ဂလိပ်လို..ရှားရှား
ပါးပါးစာတန်းလေးကို အငမ်းမရ..ဖတ်ဖြစ်အောင်ဖတ်လိုက်ရသည်။
‘Sanjiva Niraya’
ဟင်း…ဘာရွာကြီးလဲ…နာမည်ကြီးကလဲ…သူတခါမှ..မကြားဖူးပေ။
ခုတော့…တဂျုံးဂျုံးခုတ်မောင်းနေသောရထားကြီးထဲတွင်…သူတော်တော်
စိတ်လေနေပြီဖြစ်သည်။ သို့သော်..သူဇွဲလျှော့လို့တော့မဖြစ်သေး…။
သူဘယ်သွားနေတာလဲ..မသိရတာလောက်..သူခံရခက်တာ…ဘာမှ မရှိတော့။
ရထားလမ်းဘေးဝဲယာရှုခင်းတွေက..ပြောင်းလဲလာသည်။ အဲကွန်းကြောင့် ချမ်းစိမ့်စိမ့်
ပင်ဖြစ်နေသော..ရထားက..ရုတ်တရက်ပူနွေးလာသည်။
အင်း..ကောင်းတာပဲ…သူလည်း အကျီင်္လက်တိုလေးသာဝတ်ထားသောကြောင့်
တော်တော်လေးအေးနေပေပြီ။ ခုလိုနွေးလာတော့…နေသာထိုင်သာပိုရှိသွားသည်။
လမ်းဘေးဝဲယာမှာတော့…အလုပ်ကြိုးစားနေကြသော လူတွေကို သူတွေ့မြင်နေရသည်။
မီးဖိုကြီးများ…တပွက်ပွက်ဆူဝေနေသော..ဒယ်အိုးကြီးများ..အပြိုင်အဆိုင်..ကြော်လှော်
ချက်ပြုတ်နေကြသည်။ အော်…သူတို့ရွာရဲ့ အဓိက လုပ်ငန်းက…စားသောက်ဆိုင်
လုပ်ငန်းများလားမှ မသိတာ….။ဒါမှ မဟုတ်..အလှုတစ်ခုခုအတွက်..ချက်ပြုတ်ကြော်လှော်
နေတာလဲဖြစ်နိုင်တာပဲ။ အလှုဆိုရင်တော့လည်း..သာဓုပါလေ။
စတေရှင်တွေ…တစ်ခုနဲ့တစ်ခု..ပိုစိပ်လာသည်။ သူလည်း..မရမက..အသည်းအသန်
လိုက်ဖတ်သည်။သူ ကံကောင်းသည်က..ဘာသာစကားများစွာဖြင့်..စတေရှင်နာမည်
တွေရေးထားသည်တွင်…သူဖတ်တတ်သော..ဒုတိယဘာသာစကားဖြစ်သည့်
အင်္ဂလိပ်လိုလေး..တစ်လုံး ပါနေတာဖြစ်သည်။
Kalasutta Niraya
Sanghata Niraya
Roruva Niraya
Maharorava Niraya
Tapana Niraya
Mahatapana Niraya
ရွာစဉ်လိုက်..အမည်များကို ..သူဖတ်လာသည်။ ဘယ်လိုရွာတွေမှန်းကိုမသိ။
ဘာနာမည်တွေပေးထားတာလဲမသိ။ Niraya ဆိုတာကိုတော့ ရွာနာမည်တိုင်းမှာ
ပါနေတာတွေ့ရလို့..ဒါ…ရွာ ဆိုတဲ့အဓိပ္ပယ်ပဲနေမှာ ဟု..သူ့ဘာသာသေချာပစ်လိုက်
သည်။ သူသည်..တခါတရံ..အဲသလို..တစ်ကိုယ်တော်သေချာရသည့်အနှစ်သာရကို
မြတ်နိုးခုံမင်တတ်သည်။ ထို့ကြောင့်လည်း..ဒီခရီးကိုသူထွက်လာခဲ့တာများလား…။
အတွေးစလေးက..ပြန်ဝင်လာသည်။ သူ..ဒီရထားပေါ် ဘယ်လိုရောက်လာတာလဲ။
သူဘယ်ကိုသွားမှာမို့…ဒီရထားပေါ်…ရောက်လာတာလဲ။ သူ့ကိုယ်သူထပ်ထပ်
မေးနေမိပြန်သည်။ အဖြေမထွက်….။စဉ်းစားလေ..ခေါင်းတွေပူလောင်အုံခဲလာသည်။
ဟာ….အရေးထဲဆို..ဒီခေါင်းက..သောက်သုံးကိုမကျဘူးကွာ….။
သူ့တကိုယ်တော်ဆဲရေးသံကို..ပတ်ဝန်းကျင်ကလူတွေ..မကြားကြတော့…။
‘This train will terminate at this station.
Thank you for travelling with SMRT’
သူတို့အားလုံး..ဖတ်လက်စသတင်းစာတွေသိမ်းကြ..ပြောလက်စဖုန်းတွေပိတ်ကြ…
ဆော့လက်စ ဂိမ်းတွေ ပိတ်ကြ…တွန့်ကြေနေသောဝတ်လက်စ
အ၀တ်အစားများကိုပြင်ဆင်ကြ…နမ်းလက်စ အနမ်းတွေရုတ်သိမ်းကြ…
ဟော…သူတို့..ဆင်းဖို့ပြင်ဆင်ကုန်ကြပြီ။ ဒါ..သူတို့ Destination ပဲနေမှာ။
အိုခေ…ဒီတိုင်းသွားနေတဲ့ရထား..ဘယ်သွားနေမှန်းမသိဘဲ လိုက်စီးနေရတာနဲ့စာရင်
ခုလိုရပ်သွား..နာအေးတာပဲ။ တာမီနိတ် တာဆိုတော့..ဆင်းကိုဆင်းရတော့မှာ..။
အိုခေလေ…ဆင်းမယ်။ အများနဲအတူပေါ့။ ရောက်မှတော့မထူးဘူး။
ဘယ်သွားနေမှန်းလဲ မသိတဲ့တူတူတော့..ရောက်တဲ့နေရာ..ဆင်းလည်တာ..
ကောင်းတယ်..ဒေသန္တရ ဗဟုသုတ လည်းရတာပေါ့လေ…။
ဖြစ်သမျှအကြောင်းအကောင်းချည်းတွေးပြီး..သူလည်းဆင်းရန်ပြင်လိုက်သည်။
‘Please mind the platform gap’
ဒီရွာကတော့ လမ်းတစ်လျှောက်ကရွာတွေထက်..ပို..တိုးတက်စည်ပင်ပုံပေါ်သည်။
သူအရင်ကနေဖူးသော… Majulah Singapura နှင့်ပင် ခပ်ဆင်ဆင်တူသည်။
ကြီးမားခမ်းနားလှသောမိုးမျှော်တိုက်တာအဆောက်အအုံကြီးတွေ…
ထိန်ထိန်ညီးနေသည့်လျှပ်စစ်မီးရောင်စုံတွေ…
ဆူညံဝေစီနေသော…တေးဂီတသံတွေ…
ဒါ..မထင်မရှားရွာသိမ် ဇနပုဒ်လေးတော့မဟုတ်တန်ရာ။
မြို့ကြီးပြကြီး တစ်မြို့ဖြစ်နိုင်သည်။ သူမသိသောမြို့ကြီးတစ်မြို့ဖြစ်နိုင်သည်။
ဟား..ဘာဖြစ်ဖြစ် ကြက်ကန်းဆန်အိုးတိုးတာပဲဟေ့…ဘယ်နေရာရောက်နေရောက်နေ
သူဂရုမစိုက်တော့…။ဒီလောက်သာယာပျော်မွေ့ဖွယ်ကောင်းသော..နေရာ
ဒေသ တစ်ခုကို..လူတွေ..ဒါ့ကြောင့် အစုလိုက်အပြုံလိုက်လာကြတာကိုး။
ငါက..ဘာမှ မသိဘဲ..ရထားတက်စီးလာတာ…။ဒါ..စိုင်ကော်လို့ခြုံပေါ်
ရောက်တာပဲ..မဟုတ်လား…။ပျော်ပျော်ကြီး ကိုလျှောက်လည်ပစ်လိုက်ဦးမည်။
ပျော်သလောက်နေပစ်..လည်ပစ်လိုက်မည်ဟု..သူစိတ်ပိုင်းဖြတ်လိုက်မိသည်။
မြို့အ၀င်ဆိုင်းဘုတ်ကြီးကိုက..သားနားသပ်ရပ်လှသည်..။
ဒီမြို့ကလူတွေက..သူတို့မြို့ကို..တော်တော်ဂုဏ်ယူကြပုံလည်းပေါ်သည်။
ဆိုင်းဘုတ်ကြီးကိုက…ကျောက်ပြားချပ်ကြီးပေါ်တွင်…ပန်းစာလုံးများကို..နက်နက်နဲနဲ
သေသေသပ်သပ် လက်ရာမြောက်အောင် တခမ်းတနားကို..ထွင်းထုထားသည်။
ဘာပဲဖြစ်ဖြစ်..ခုတော့..သူ မြို့ထဲဝင်ရောက်လည်ပတ်ပျော်ပါးရန်..
လူအုပ်ကြီးနှင့်အတူ ရောနှော တန်းစီတုံကင်ယူနေပြီဖြစ်သည်။
‘Warmly welcome to Avici Niraya’
*PS:To be continued about my days in Avici Niraya and this
is my first great effort to write a long post in my life.
May all be happy and serene!
With lots of Metta,
vowel
(17 October)
Friday, October 15, 2010
'Unskillful Fate'
ပတ်စ်ပို့+ဗီဇာ..တစ်ပြိုင်ထဲ အဆင်ပြေပြေကျတဲ့ တစ်ခဏလေးတွေကို
ရေပွက်ပမာလို့အိပ်မက်ကနိုးတိုင်းသိရုံလောက်နဲ့မရဏာနုဿတိဖြစ်..မဖြစ်
စောကြောဝေဖန်ဆန်းစစ်ဆက်စပ်တွေးတောကြံဆ သလောက် အဖြေသုည
ပဲထွက်သမျှ ပုစ္ဆာတိုင်းဟာ အမှားအယွင်းအလွဲအချော် များတဲ့
ဒုလ္လဘတစ်ခုနဲ့တစ်ခု ကိုတေ့ဆက်လေး ဆက်ထားပုံမျိုးနဲ့
အိနြေ္ဒမရှိတဲ့ လောကဓံတရားကိုမှ
ဆတ်ဆတ်ဆော့ဆော့ကလူကျီစယ်မှုပြုခဲ့မိသူက
သောက်ရေတောင်မရှိတဲ့ ကျွန်းပေါ်တက်မိုးခိုတုန်း
ပို့စ်မော်ဒန်..နီယိုမော်ဒန်..ကောလတ်ခ်ျ(collage)
အယ်လ်ပီ(language poetry)..hybrid..
ဗလစ်..ဗလစ်..ကရားရေလွှတ်တတွတ်တွတ်..ကြားဖူးနားဝ
တွေ့ကရာရှစ်သောင်းခေါင်းစဉ်နဲ့အရိပ်ကောင်းတဲ့သစ်ပင်တွေအောက်ဝင်ခို
အခက်မချိုးဘူး..အသီးခူးစားမယ်ဆိုလို့ဆို
"လာပါကွာ..တောပြန်ကြစို့"..ဆိုလဲ.."မီး..မှ..မ..လာ..တာ"လို့
ခိုင်လုံခဲ့သမျှအကြောင်းပြချက်တွေက သေသပ်ခမ်းနားနေတုန်း
ဗြုန်း...ဆို ရွေးကောက်ပွဲထလုပ်သလိုမျိုး..
"တိုက်ပုံတွေကြား..မျက်စိသူငယ်နားသူငယ်ဖြစ်နေမှာပေါ့"...ဆိုလို့ဆို
ဘ၀မျဉ်းကြားတွေလည်းမလုံခြုံ...မီးနီမီးဝါမီးစိမ်း..ရပ်ကြည့်သွား
အရိုးကြည့်ရှောင်..မျက်ရည်ကိုသယ်ဆောင်မဲ့ပျားရည်မြစ်တွေထဲ
"ဆန္ဒာဓိပတိ..ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဌာနာနဉ္စရူပါနံ
အဓိပတိ ပစ္စယေန ပစ္စယော"... ဆိုပေမဲ့လဲ
ယုံကြည်ချက်တစ်ခုခုကို တစ်စစီ ခုတ်ထစ်လှီးဖြတ် ...အရိုးတစ်ခြား
အသားတခြား..အဆီတခြား..အနှစ်တခြား...ခွာချခံရပြီဆို..
အနှစ်သာရတွေမှန်သမျှ..အချိန်အခါမဟုတ်ရွာတဲ့မိုးထဲမျော။
"တိမ်တွေစုနေတာ....အလကားမဟုတ်ဘူး.......
တချိန်ချိန်မှာသည်းကြီးမည်းကြီးရွာချဖို့"
ဆိုတဲ့ ..ငယ်စဉ်တောင်ကျေးလေးရဲ့ခေါင်းကြီးပိုင်းတော့ပစ်တွေ...
အလင်းနှစ်သန်းပေါင်းများစွာဆီ...ခရီးလွန်ကုန်တဲ့အခါ...
မရွာဘဲညိုတဲ့မိုးဝသန်များကို အပြစ်မတင်တော့ဘဲ...
"မိုးတိမ်ဆိုတာ..ဘယ်တော့မှ အမိုးအကာနဲ့ မနေဘူး"....ဆိုလို့ဆို
"နင်ကြောင့် ဒီတစ်ခါလည်း..ငါ့ပွဲ..ပျက်ရပြန်ပြီ..ကံကြမ္မာရယ်"
ညည်းတွားသံတွေဆူဆူညံတုန်း.."နှမလက်လျှော့နေလေတော့.."သီချင်း
အဆုံးမှာ..သာဓုခေါ်သံကျယ်လောင်ရှည်လျားခဲ့ရင်တောင်..
ဒါဟာ အရွဲ့တိုက်တာ မဟုတ်ရပါဘူးကွယ်..ဆိုသူဆို...။
"ရှဉ့်လည်းလျှောက်ပါ..ပျားလည်းစွဲရအောင်.."
ဆိုခါမှ..ဖွတ်မရ ဓါးမလည်းဆုံး..တွေသာများခဲ့တာမို့..
"ဒီမိုးမှောင်တုန်း..မောင်ပုန်းစရာမရှိခဲ့တော"့...
ကုသိုလ်ကြမ္မာ မမီခဲ့သူတွေသာ များပြားလွန်းလှပေတကား။ ။ ။
(အောက်တိုဘာ ၁၅)
Monday, October 11, 2010
"It's me!"
(I saw these sentences written in graffiti art
when I went there last night.
their feelings and dreams at night and feeling hangover
in the morning.
their dreams.
with lots of Metta,
vowel
(12-10-10)