ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Showing posts with label ကိုင်းဖျားသိမ့်ကျန်ကဗျာများ. Show all posts
Showing posts with label ကိုင်းဖျားသိမ့်ကျန်ကဗျာများ. Show all posts

Monday, October 25, 2010

အငို

အငို

အရာရာ
မကျန်းမာတဲ့အခါ
သစ်ရွက်အကြွေလေးလို
ပင်စည်ကို တ ရှာပေါ့ မေမေရယ်
မြေပေါ်တရွတ်ဆွဲပါသွားခဲ့ရခြင်းများ
လေထဲ သဲတရှပ်ရှပ်နေ့ရက်များ
အပျံသင်ခဲ့ခြင်းဟာ
အပြန်လမ်း မသိနိုင်အောင်များလား
အဝေးဆီ ပျံသန်းပြေးထွက်သွားခဲ့ရပေါ့
မေမေရယ်...
ဥသြငှက်လေး ငိုကြွေးလွမ်းဆွတ်ရာ အကိုင်းမှာ
ဟောဒီ သစ်ရွက်ရိုင်းလေးအတွက်
ပြန်ဆက်စရာအညှာ မရှိတော့ပြီလား
သောကနဲ့ တသားထဲမို့
ဘ၀က အလျားရှည်လွန်းတယ်
ဟိုး..ငယ်ငယ်တုန်းကလိုဆို
မေမေ့ရှေ့မှာထိုင် ထိုင် ငိုပြီး
ဟောဒီ လောကကြီး ကိုလေ
တိုင်လိုက်ချင်တာပါပဲဗျာ။

(သစ္စာပိုင်စိုး)


***(ရေးလက်စကဗျာတွေ..ရေးလက်စ စာတွေနဲ့ ရေးလက်စ ဘ၀တွေဟာ..တခါတရံမှာ..
ရုတ်တရက်ရွာချလိုက်တဲ့မိုးကြောင့် ရေစိုနှုးအိစုတ်ပြဲကုန်တာမျိုးလဲ
မရည်ရွယ်ပါဘဲဖြစ်လေ့ဖြစ်ထရှိသလို...အမှတ်မထင် မတော်တဆ ဖြစ်တတ်တဲ့
အခါမျိုးတွေမှာ...လူ့နှလုံးသားဟာ...အရည်တစ်မျိုးကို အရှိန်ပြင်းပြင်း ညစ်ထုတ်
လိုက်ပါတယ်။ ဒါကို မျက်ရည်လို့ တခုတ်တရ ဘာသာပြန်မိတော့....
Foma Gordeyev လေးလို (မှောင်မိုက်မှာငို) ရင်း သစ္စာပိုင်စိုးရဲ့
အဟောင်းလေးတစ်ပုဒ်နဲ့...အပြာရောင်တနင်္လာ ကို ခင်းကျင်းချထားလိုက်ပါတယ်။
ဘာမှ ဆက်လုပ်လို့မရတဲ့အနေအထားတွေရောက်ရင်...ခဏရပ်နေပါ...တဲ့။
ခဏဆိုပီးရပ်နေတုန်း...ရှုစရာအောက်ဆီဂျင်လေးတောင် မလုံလောက်တဲ့ဘ၀ကို
ဘယ်လို ယောနိသောမနဿီကာရ လိုက်ရပါ့မလဲ။
ကောင်းကင် ပေါ်မှာတော့...Haze တွေက အငြိုးတကြီး
ကျနော့်အောက်ဆီဂျင်ပိုက်ကို
ဆွဲဖြုတ်ချဖို့ ခုထိ ကြိုးစားနေတုန်း။
အညှာတာ ကင်းမဲ့လိုက်ပုံများလေ။

with Metta,
vowel
25Oct2010

Sunday, July 25, 2010

ငါဟာရေသေအိုင်

"Mirror"

I am silver and exact.
I've no preconceptions
whatever I see I swallow immediately.
Just as it is, unmisted by love or dislike.
I'm not cruel,only truthful.
The eye of a little god, four-cornered.
Most of the time I meditate on the opposite wall.
It is pink, with speckles. I have looked at it so long.
I think it is a part of my heart. But it flickers.
Faces and darkness separate us over and over.
Now I'm a lake.
A woman bends over me,
Searching my reaches for what she really is.
Then she turns to those liars, the candles or the moon.
I see her back, and reflect it faithfully
She rewards me with tears and an agitation of hands
I'm important to hear her. She comes and goes.
Each morning it is her face that replaces the darkness.
In me she has drowned a young girl, and in me an old woman
Rises towards her day after day, like a terrible fish.

(Sylvia Plath)


စိတ်တွေလေးလံထိုင်းမှိုင်းနေတဲ့...မိုးအေးအေး..ဆန်းဒေးတစ်ရက်မှာတော့
ကဗျာတွေကို...အာသာငမ်းငမ်းရှာဖတ်နေခဲ့မိပါတယ်။

“ကဗျာကလည်း
ငှက်တစ်ကောင်လို ထပျံ မလိုလိုနဲ့
ရေစိုအစုတ်ပလုတ် ဦးထုပ်လို
ရေနှုးပျော့ဖတ် ပျင်းတိပျင်းရွဲ”...တဲ့

ဟုတ်တယ်။ဖတ်ရင်းဖတ်ရင်း..ခံစားမိတာက..ဇေယျာလင်းရဲ့အတွေးလိုပဲ..။
ပျင်းတိပျင်းရွဲတွေ..များလာတယ်။
အဟောင်းတွေထဲက ကောင်းတာလေးတွေပြန်ရှာဖတ်တယ်။
ပျင်းတိပျင်းရွဲကို များ ကျော်လွန်နိုင်မလားလို့ရယ်ပေါ့။
ကိုယ့်ရင်ကိုရိုက်ခတ်သိမ့်ကျန်စေခဲ့တဲ့...ကဗျာ အဟောင်းတွေအများကြီးနဲ့
ပျင်းတိပျင်းရွဲ တနင်္ဂနွေကို ဘယ်မှမသွားဘဲ ပျင်းတိပျင်းရွဲကုန်ဆုံးပစ်လိုက်တယ်။
စီလ်ဗီယာ ပလပ်သ့် ရဲ့..အဟောင်းလေးဆီ..ပြန်ရောက်ခဲ့တယ်။
ဒီစိတ်တွေကိုက..ဒီအရိပ်တွေကနေ..ပြေးမထွက်နိုင်တာလား...။
သံသရာ ကိုဖြတ်ချလိုက်တာမဟုတ်ပါဘူး..။
ကိုယ်တိုင်ကိုက....သံသယ ကိုမကျော်လွန်နိုင်တာ။
"Mirror" ကိုထပ်တလဲလဲ ပြန်ဖတ်တဲ့အခါတိုင်း...တစ်ခေါက်နဲ့တစ်ခေါက်
မတူတဲ့ ရသတွေကို...သူကပေးထားတာလား...
ကိုယ်က ရလိုက်တာလား...။
ဘာမှန်းမသိတော့...။
စိတ်တွေကိုက...ရေသေအိုင်ထဲက ငါးတစ်ကောင်လို။

with Metta,
vowel
(25Jl2010)









Friday, July 16, 2010

“ကျန်ရစ်ခဲ့သော မနက်ဖန်”


ဟိုးအဝေးကြီးဆီက အနာတရတွေ
ငါ့ရင်ထဲမှာ
ယုံကြည်သလို လွတ်ကျသွားဖူးတယ်။

သိပ်ကြီးကျယ်တဲ့
မင်းနဲ့ငါနဲ့ကြားက အထားအသိုတို့
အခုတော့ ရယ်စရာ ဖြစ်သွားပြီ။
ငါတို့ရဲ့ အမှုမဲ့ အမှတ်မဲ့ ကိစ္စများ
မင်းဆံပင်တွေဆီက ကာအို ရှန်ပူနံ့
ရှောင်မရခဲ့သော နောင်တအချို့
စနစ်တကျ မိုက်မဲမှု
ပြီးတော့..
တို့ရဲ့ နှုတ်ခမ်းချင်းတည့် သစ္စာ
ဘယ်လောက်ထိအောင် ခိုင်မြဲမှာလဲ။

မင်းရဲ့ဘဝ
ငါ့ရဲ့အဓိပ္ပါယ်
အားလုံးဟာအရှက်ကြီးတဲ့ နှင်းဆီတစ်ပွင့်လို
ကြွေခဲ့ပြီ။
“ရော့..ရှင့် ကဗျာတွေ !” တဲ့
ကြည့်လိုက်မိတဲ့ မင်းမျက်နှာက
ယမ်းငွေ့တွေနဲ့ အံ့သြစရာ ဖျားလောက်တယ်။

ငါက ဘ၀ကို
လမ်းသရဲစိတ်နဲ့ဖြတ်သန်းသူပါ။
ကိုယ့်စကားလုံးကို ကိုယ်
ရဲရဲဝံ့ဝံ့ ထွန်ယက်သူပါ
မာယာ အဟောင်းတွေကို
မုန်းတီးသူပါ
ငါ့အသိဥာဏ်ကတော့
မေ့ထားချင်တဲ့ မင်းအကြောင်းတွေပေါ့
စိတ်ထဲမှာလဲ
လူအထင်ကြီးစရာ ဓမ္မတွေနဲ့
သာမန်အမှန်တရားများ... ရယ်ရတယ်။

“ဘ၀အာမခံချက်....!”
ဟုတ်လား ?
ဒီလိုဆိုတော့ မင်းအကြောင်းက
ကလေးမဆန်လွန်းဘူးလား။
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ
ငါတို့ရဲ့ သံယောဇဉ်အကြွေးတွေက ရှုပ်လွန်းတယ်။

မှားချင်လည်းမှားမယ်
ငါသိတာက အတုဆိုတာမရှိရင်
အစစ်ဆိုတာလဲ မရှိဘူး။
ဒါပေမဲ့ ငါ့အချစ်ဟာ အတုလို့တော့
ဘယ်ဝန်ခံချင်ပါ့မလဲ။

မေတ္တာတရား..တဲ့ !
နောက်ကျခဲ့တဲ့ ခံစားမှုတွေဆီမှာ
မြင်လိုက်ရပြီ။
မြေကြီးပေါ်က
နာကျင်သွားသော အခိုးအငွေ့များအဖြစ်။

(ဝေမှုးသွင်)



တိတ်ဆိတ်တိုးညင်သွားသော ညနေခင်းများကို အလွမ်းသီချင်းများ..
ဘီယာသံဗူးများနှင့်ဒဏ်ရာရ ကဗျာများဖြင့် အသက်သွင်းဖို့ကြိုးစားနေသူ
တစ်ဦးသည် သူ့ရင်ထဲတွင် ဖန်ခွက်အလွတ်တလုံးသဖွယ်လွတ်ကျသွားခဲ့သော..
အိပ်မက်+စိတ်ကူး+ယုံကြည်ချက် တို့က သွေးချင်းချင်းထွက်ပြနေသောအခါ
ထိုအမှန်တရားတစ်ခုကို “ဝေမှုးသွင်” နှင့် အတူ..
နာနာကျင်ကျင် ရယ်သွမ်းသွေးမိလိုက်ပါသည်။

အချင်းချင်းအမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့်ငြိမ်းအေးသာယာနိုင်ကြစေ။

သရ
(ဂျုလိုင်၁၆)


Thursday, July 15, 2010

ခေါင်းစဉ်မဲ့


ထိုနေ့က ပင်လယ်ပြင်တွင်..မိုးသက်လေပြင်းများသည်းထန်နေခဲ့သည်။

သူ တစ်ယောက်တည်း ပင်လယ်ဖက်လမ်းလျှောက်ထွက်လာရင်း
လှေလှော်ချင်စိတ်ပေါက်လာသဖြင့် အနီးတွင် အသင့်တွေ့နေသော လှေငယ်
တစင်းကို ကြိုးဖြည်ကာ..စတင်လှော်ခတ်ခဲ့ပါတော့သည်။
ကမ်းနှင့်ခပ်လှမ်းလှမ်းဆီထိသူရောက်လာတော့ မုန်တိုင်းကျလာသည်။
သူ့အခြေအနေကိုသူ ကောင်းကောင်းသိလိုက်ပြီ။
လှေကောင်းကောင်းမလှော်တတ်သော သူသည် ရူးသွပ်မှုတခုခုကြောင့်သာ
ပင်လယ်ပြင်ဆီလှေတစင်းနှင့်ထွက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုရူးသွပ်မှုမှာ...သေခြင်းတရားနှင့် စီးချင်းထိုးရလောက်အောင်..
သွက်သွက်ခါနေမည့်အခြေအနေမျိုးများပေလား...သူမတွေးတတ်တော့။
ခု...သူတစ်ယောက်ထဲ ပင်လယ်ထဲရောက်နေသည်။လှေက မငြိမ်။ထိန်းနေသည့်ကြားမှ
တိမ်းမှောက်ခဲ့လေသည်။နီးစပ်ရာ ကျွန်းတခုဆီ အားတင်းကူးခတ်လာခဲ့လိုက်သည်။
ကမ်းခြေရောက်တော့ သူခြေကုန်လက်ပမ်းကျလေပြီ။

ဘာလုပ်ရမည်နည်း။ ကမ်းမမြင်လမ်းမမြင်သောပင်လယ်ပြင်ဆီ သူငေးရင်း...
အတိတ်နှင့်အနာဂတ်ကို ခေတ္တမေ့ထားလိုက်သည်။ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့..ခုဘာလုပ်မှာလဲ။
နောက်ဘာလုပ်လုပ်..ဘာဖြစ်ဖြစ်..ခုဘာလုပ်မှာလဲဟု..
သူ့ကိုယ်သူသေချာအောင်မေးနေမိသည်။
ပင်ပမ်းလာသောအရှိန်နှင့် ဆာလာသောဝမ်းဗိုက်ကိုနှိပ်ရင်း..သူတမှေးအိပ်ပျော်သွားသည်။

သူနိုးတော့..ပင်လယ်တွင်မိုးသက်မုန်တိုင်းငြိမ်သွားပြီ။ သူမဟုတ်သလို တည်ငြိမ်ရင့်ကျက်နေသော
ပင်လယ်ပြင်ဆီ..သူငေးငေးရီရီလှမ်းမျှော်ကြည့်လိုက်တော့ သင်္ဘော တစင်းဟု
ထင်ရသော မည်းမည်းအရာတခု..သူ့ဖက်ဆီဥိးတည်ရွေ့လာသလိုလို ..သူတွေ့လိုက်ရသည်။
သူဝမ်းသာပျော်ရွှင်သွားသည်။ အိုကေ..အဆင်ပြေပြီ။ သူတော်ကောင်း နတ်ကောင်းမတာပဲ
ဟု..သူ့ကိုယ်သူချီးမြှောက်လိုက်ကာ..ရေထဲဆင်းပီး ထိုအရာဆီ..သူစတင်ကူးခတ်
လိုက်တော့သည်။ ဘယ်လောက် အဝေးမှာလဲ...တော်တော်ဝေးသလား..
အို..ဘယ်လောက်ဝေးဝေး..ရှေ့မှာ..ကိုယ့်ကိုကယ်မဲ့ သင်္ဘောကြီးတစီးလုံးရှိနေတာပဲ။
ပင်လယ်ကူးသင်္ဘောကြီးနေမှာ...တော်တော်ကြိးမဲ့ပုံပဲ။ဒီ သင်္ဘောက ငါ့ကိုကယ်မှာ။
ဒီလူသူမရှိတဲ့ကျွန်းကနေလွတ်မြောက်ဖို့...ငါ့ကိုကယ်မဲ့သင်္ဘောကြီး။
ငါကူးမယ်..ငါကူးရမယ်။အားတင်းထား..ကူးမယ်...ရောက်အောင်သွားမယ်။
တော်တော်လှမ်းလှမ်းကူးခတ်မိတော့...သင်္ဘောက သိပ်မကြီးတော့..
ငယ်သွားသလိုလို။ဟာ..ဘာဖြစ်တာလဲ..အေးလေ..စောစောက အဝေးကနေဆိုတော့
ငါ အထင်အမြင်လွဲတာနေမှာပါ...ဘာဖြစ်လဲ ..ပင်လယ်ကူးသင်္ဘောမဟုတ်တော့လဲ
ငါးဖမ်းစက်လှေတစင်းစင်းဖြစ်နေနိုင်တာပဲ။ ငါ့ကိုကယ်မှာပေါ့။ ကူးမယ်...။ ဆက်ကူး..
ဆက်ကူး...။ ပိုနီးလာတော့..ပိုသေချာလာသည်။ငါးဖမ်းစက်လှေလဲမဟုတ်လောက်ပြန်။
လှေငယ်လေး တစင်းပဲဖြစ်မှာ...။အို...ဘာဖြစ်သေးလဲ...လှေငယ်လေးဆိုလဲ..
ငါ့ကိုတော့ တင်သွားနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ်...ငါ ရောက်အောင်တော့ကူးရမယ်..။
သူလက်ကျန်အားတွေကို တစုတစည်းထဲ စိုက်ထုတ်ပြီး ဆက်ကူးလိုက်သည်။
တွေ့ပါပြီ။ ကမ်းခြေမှ..ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်ခဲ့သော သူ့သင်္ဘောကြီးကို
သစ်ဆွေးတုံးကြီးတစ်တုံးအဖြစ် သူ့မျက်စိရှေ့တွင် မျက်ဝါးထင်ထင်တွေ့ရပြီဖြစ်သည်။
သူဘာလုပ်ရမည်နည်း။ သူပင်ပင်ပမ်းပမ်းကူးခတ်လာခဲ့မိသော ခရီးက မသေးလှ။
သူ့ကိုကယ်တင်မည့် သင်္ဘောတစ်စင်းဟု..သူဘာကြောင့် ထင်ခဲ့မိတာလဲ။
“အကွာအဝေး” သူ့စိတ်ကိုလှည့်စားခဲ့တာလား။
သူ့စိတ်ကိုက “အကွာအဝေး” ကိုလှည့်စားခဲ့ကြည့်မိတာလား။
အကွာအဝေးသည် လူ့စိတ်ကိုလှည့်စားတတ်ကြောင်း သူကောင်းကောင်းသိပါသည်။
သိသိကြီးနှင့် အလှည့်စားခံခဲ့ခြင်းသည်..ပင်လယ်ပြင်ကိုစထွက်လာကတည်းက
ရူးသွပ်နေသော..သူ့မိုက်မဲမှု..ရူးကြောင်ကြောင်နိုင်မှုများကြောင့်သာလျင်ဖြစ်ပေမည်။
သူဘာလုပ်ရမည်နည်း။ နောက်လှည့်ပြန်ကူးခတ်သွားလိုက်ရမှာလား...။
ရှေ့မှာက ကမ်းမမြင်လမ်းမမြင်ကျယ်ပြောလှသော ပင်လယ်ပြာကြီး က သူ့ကို
စိန်ခေါ်သလိုကြည့်နေသည်။
ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်မိမှားခဲ့သော သစ်ဆွေးတုံးကြီးကိုဖက်ရင်း
သူဘာဆက်လုပ်ရမည်ကို..သူမဆုံးဖြတ်နိုင်တော့ချေ။
ဘ၀တွင် သူသည် သူတန်ဖိုးထားသောအရာများစွာကို ဆုံးရှုံးဖူးသည်။
ဆုံးရှုံးမှုတိုင်းတွင် ခိုင်လုံသောအကြောင်းတရားတို့ရှိနေတတ်သဖြင့်
သူဖြေတွေးလိုက်နိုင်သည်က များသည်။ ခုကော...ကဲ...ခုကော..ဘယ်လိုဖြေသိမ့်ရမလဲ။
ပင်လယ်ကူးသင်္ဘောတစ်စင်း လို့သူမှတ်ထင်ယုံကြည်ချင်နေသောစိတ်က...
သူ့ကို ပိုမိုရူးသွပ်စေခဲ့သည်။ထိုရူးသွပ်မှုများကြောင့်သူ ပိုမိုမိုက်မဲခဲ့သည်။
ထိုမိုက်မဲရူးသွပ်မှုများကို..အကွာအဝေးက အဆုံးအဖြတ်ဝင်ပေးသွားသောပွဲတွင်
သူ အနိုင်အရှုံးလက်မဲ့ဘ၀ဖြင့် ပင်လယ်ထဲတွင်ယောင်ချာချာကျန်နေရစ်သည်။
ဘာကို ယုံယုံကြည်ကြည်ဆက်မျှော်လင့်ထားရမှာလဲ။
ဘ၀ကို ဘယ်ခေါင်းစဉ်အောက်ထဲ ထိုးသွင်းထားကြည့်လိုက်ရမှာလဲ။
ပင်လယ်ပြာပြာကြိးထဲတွင် စကားလုံးအခွံသက်သက်သာကျန်ရစ်သော
ကဗျာအပိုင်းအစတွေက တစစီ..တစစီ...ခေါင်းစဉ်တွေမဲ့ကုန်သည်။
သူတန်ဖိုးထားခဲ့မိသော ပင်လယ်ကူးသင်္ဘော သည်လဲ..တစစီ..တစစီ။

မေခလာမရှိတော့သော အပြောကျယ်လှသည့်ပင်လယ်ထဲတွင်..ကဗျာတပုဒ်ကိုသာ
ဆားငန်ရေနှင့်ဆို့ဆို့နင့်နင့် မျောချလိုက်ရသည်။
ရှင်သန်ခြင်း၏ခေါင်းစဉ်မဲ့မှု တစ်ခုက စနစ်တကျပြင်ဆင်ထားခဲ့သလို
ပင်လယ်ထဲတွင်မှချိန်ကိုက်ဖြစ်လာရသည်။
သူချစ်သော ပင်လယ်ဓါးပြကြီးတစ်ဦး၏ ကဗျာ တပုဒ် တိုးတိုးညင်ညင်ရွတ်ဆိုရင်း
သေခြင်းတရားသည် မည်သို့သောခေါင်းစဉ်မျိုးဖြင့်သူ့ထံရောက်လာမည်လဲ
ဆိုသည်ကိုစိတ်ရှည်လက်ရှည်စောင့်နေလိုက်တော့သည်။ ။


“ခေါင်းစဉ်မဲ့”

ဘယ်လိုပျော်ရမလဲကွယ်
တစ်ယောက်နဲ့တစ်ယောက် ခေါ်သံတွေမှာ
ရန်ဓာတ်တွေ ပါလာခဲ့ပြီ။

ဘယ်လိုထိတွေ့ရမလဲကွယ်
ဘယ်လိုစီးဆင်းပေးရမလဲကွယ်
ငါ့မြစ်ကလေးကို ရပ်တန့်ပေးရတော့မလား။

နက်နက်တူးပြီး
စိပ်စိပ် စိုက်ခဲ့ပါတယ်
ရိတ်သိမ်းစရာကောက်ပဲသီးနှံမရှိတော့ပါ။

ရပ်တည်ချက် မှန်ကန်ခဲ့ပါတယ်
အပေးအယူ အပြန်အလှန်တွေ
မရရှိခဲ့ပါ။

ဖွဲ့စည်းပုံပျက်သွားခဲ့ပါပြီ
မနက်က ငှက်မြည်သံလေးမှာ
အခါတိုင်း အခါတိုင်း လို
သဟဇာတ တွေမပါတော့ပါ။

ဆောင်းဆိုလဲဆောင်းပေါ့
မိုးဆိုလဲမိုးပေါ့
နွေဆိုလဲနွေပေါ့
ခုတော့
ဒေါင်းလဲမဟုတ်
စာကလေးလဲမဟုတ်
ရုတ်ချည်းရုတ်ချည်းတွေ ညှိုးငယ်ပေးရ
ထိကရုန်းပင်လေး ဖြစ်ခဲ့ရပါပြီ။

ထိကရုန်းပင်လေးမှာ
အသည်းတွေ ကြီးခဲ့ရပါပြီ
မောင့်“ဂုစတီနာ” ရယ်။

(မောင်ချောနွယ်)


( စာမရေးတာကြာနေပြီဖြစ်သော vowel သည် ထိုသာမန်ထက်ပိုမိုတိတ်ဆိတ်သော
ညနေခင်းတစ်ခုတွင် လေးဖြူ၏ “လေလွင့်သူ” ကို မောင်ချောနွယ်၏ “ခေါင်းစဉ်မဲ့” ဖြင့်
တနစ်တကျဖျော်စပ်သောက်သုံးမူးယစ် ခဲ့ပီး အထက်ပါ ပင်လယ်ကူးသင်္ဘော တစင်းနှင့်
သူ၏ခံစားမှု အပိုင်းအစများကို အဆီအငေါ်မတည့်စွာခံစား တင်ပြမိပါသည်။)


အချင်းချင်း အမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့် ခေါင်းစဉ်မဲ့နိုင်ကြစေ။

With Metta,
VOWEL
(15Jl10)