ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Showing posts with label လက်ဆောင်ရတဲ့ကဗျာလေးတွေ. Show all posts
Showing posts with label လက်ဆောင်ရတဲ့ကဗျာလေးတွေ. Show all posts

Saturday, July 31, 2010

Thirtieth Presents

လူဆိုတာ..သေတစ်နေ့မွေးတစ်နေ့...တဲ့။

ကျနော် နေ့တစ်နေ့မှာ..မွေးဖွားခဲ့ပါတယ်။

ကျနော် နေ့တစ်နေ့မှာ..သေဆုံးပါလိမ့်မယ်။

ကျနော် နေ့တစ်နေ့မှာ..ရှင်သန်ဖြစ်ထွန်းခဲ့ပါတယ်။

ကျနော် နေ့တစ်နေ့မှာ..ပျောက်ဆုံးလွင့်ပျယ်ရပါမယ်။

ဒီလိုပဲ...ဖြတ်သွားဖြတ်လာ လုပ်ရင်း..လမ်းတစ်လျှောက်က မှတ်တိုင်တွေကို

မှတ်မှတ်ထင်ထင်မထားဖြစ်ခဲ့တာများပါတယ်။

လူတစ်ယောက်အနေနဲ့တော်တော်လေးပေါက်မြောက်ရှင်သန်နေထိုင်

်ခဲ့ပီးကြောင်းသက်သေအနေနဲ့...“မှတ်တိုင်သုံးဆယ်” က..သိပ်ထင်ရှားလွန်းလှပါတယ်။

“သုံးဆယ်” ဆိုတာ...လူတစ်ယောက်အတွက်..လူ့ဘ၀မှာ..အရာရာအတွက်..

ရှင်သန်နေထိုင်ဖို့တော်တော်ကောင်းတဲ့ “အရွယ်” လို့..တစ်ချို့ကပြောကြပါတယ်။

ကျနော့်အနေနဲ့..ငြင်းရခက် မငြင်းရခက်ပါပဲ။

သုံးဆယ်မှာ..လူတစ်ယောက်အနေနဲ့...အလှပအတင့်တယ်ဆုံး..

ကျန်းမာဖွံ့ဖြိုးနေတဲ့...အသက်အရွယ်တစ်ခု

ပြီးပြည့်စုံနေတဲ့ ပညာအရည်အချင်း...အလုပ်အကိုင် ရာထူးဌာနတခု..

ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးတစ်ခု...ကိုယ်ပိုင်မိသားစုဘ၀တစ်ခု...

ကိုယ်ပိုင် ဘ၀ဒဿန တစ်ခု...ကိုယ်ပိုင် ဘ၀နေထိုင်မှုပုံစံတစ်ခု...

ရှိနေသင့်ပြီ...ဘာညာ...လို့လဲပြောကြပါသေးတယ်....။

မှန်သင့်သလောက်တော့ မှန်မယ်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့...

ဘာရှိရှိမရှိရှိဖြစ်တယ်...ဆိုတဲ့ဘ၀မျိုးနဲ့...ဘ၀ကို..တော်တော်

ဖြစ်သလိုပဲနေခဲ့တာများတော့...“သုံးဆယ် မှာ ငါဘာဖြစ်ရမယ်” လို့

ဘယ်တုန်းကမှ..ဘယ်လိုမှ..မမှန်းဆမမျှော်လင့်..အားမထုတ် မကြိုပမ်းခဲ့ဖူးတော့

“သုံးဆယ်” မှာ..ကျနော်..ဘာမှလဲ ဖြစ်မလာသေးပါဘူး။

ဒီလိုပဲ...ရေလိုက်ငါးလိုက်...ဘ၀ကိုနေပျော်အောင်နေနေလိုက်တာ...

နှစ်သုံးဆယ်ပါ။ ဘာမှဖြစ်မလာသေးတာတွေအတွက်...

ဘယ်နေရာမှာမှ..ရွံရွံချွံချွံမဖြစ်ခဲ့တာတွေ.အတွက်...

ဘယ်လိုမှ.. စိတ်မကောင်းလဲမဖြစ်မိတာတော့...ကျနော့် နုံချာညံ့ဖျင်းမှု

လို့...ဆိုချင်..ဆိုနိုင်ပါတယ်။


လက်ဆောင်ရတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်းစာရှစ်ကြောင်း

အမှတ်တရ တင်လိုက်ပါတယ်။

အားလုံးငြိမ်းအေးသာယာနိုင်ကြပါစေ။


ဆည်းဆာကျူးရင့်သံ


ဖြစ်ပုံများရတဲ့ ဘ၀ထဲ

ဖြစ်ရပုံများ

ဖြစ်နေလိုက်ကြရပုံများ။


ငါ့ကို သိပ်ချစ်သတဲ့

ငါ့အပေါ် တိမ်းညွတ်ယစ်မူး

ငါနဲ့ ကြည်နူးသတဲ့

ငါ ငုတ်တုတ်ကြီး ရှိနေပါရက်နဲ့

ငါ့ကို လွမ်းရပြန်သေးသတဲ့

သူ့ အလွမ်းမီးတွေကို

ငါကပဲ လေပင့်ပေးနေသလိုလို

ငါ့ပခုံးကို ကနွဲ့ကလျမှီ

သီတော့မလိုလို ဆိုတော့မလိုလို

ရယ်တော့မလိုလို ငိုတော့မလိုလို

ညိုတိုတို မျက်နှာထား

ယောင်ချာချာ နှလုံးသားနဲ့

ပေတိုးတိုး ကောင်မလေး။


ငါ မခေါ်ဘဲ ငါ့ဆီ ရောက်ရောက်လာပြီး

ငါ မနှင်ဘဲ ငါ့ဆီကနေ ထွက်ထွက်သွားတတ်တဲ့

သမ္ဘာရှင် နေမင်းကြီး။


တစ်နေကုန်အလေလိုက်

မောဟိုက်နွမ်းလျ

ခေါင်းငိုက်စိုက်ချ

အိမ်ပြန်နေကြတဲ့

အပေအပွေ တိမ်တစ်သိုက်။


တစ်နေကုန် တစ်နေခမ်း မမောမပန်း

လောကအတွက် တေးတွေဆို

မနဲ့ဖို သံချိုနှော

မောလို့အိပ်တော့မယ့်

သာရကာ ငှက်တစ်အုပ်။


အငွေ့ပျံ ကွက်လပ်ရှိရာဆီ

နေရာလုဖို့ ငမ်းငမ်းတက် အသော့နှင်ရင်း

နာမည်လှလှ ရသွားကြတဲ့

ဖျာခင်းတတ်သူ လေပြေညှင်းများ။


ငါ့ကိုမှအားမနာ

ငါကြွေရာ ပျော်ပွဲဆင်ကြတော့မယ့်

သကောင့်သား ကြယ်တာရာတွေ။


အဲ့ဒါတွေကို

ဒါတွေကို

ငါဘယ်လိုများ

မြိန်မြိန်ကြီး စားသုံးနိုင်မှာတဲ့လဲ။


ငါက

ဆည်းဆာဆိုတဲ့ ဒီကောင်က

ကောင်းကင်ကြီးလို ပြောပြောကျယ်ကျယ်

ပင်လယ်ကြီးလို နက်နက်ရှိုင်းရှိုင်း

ဒီလှိုင်းတွေလို တိတိကျကျ

လပြည့်ဝန်းလို ရွှန်းရွှန်းပပ

ခမ်းနားလှတဲ့ကောင်မှ မဟုတ်တာ

သာမန် ဆည်းဆာလေ။


မွေးနေ့လက်ဆောင်

မနေ့က ကြားလိုက်ရတဲ့ ဆည်းဆာရဲ့ ကျူးရင့်သံပါ။

မနက်ဖန် ကျရောက်မယ့် ရှင်သရရဲ့ မွေးနေ့အတွက်

ဒီနေ့ ရှိတာလေးကိုပဲ မွေးနေ့လက်ဆောင် လုပ်ပေးလိုက်တာပါ။

(စရ)

SG8.35A, 31Jl10

--------------------------------------------------------------------------


9,2,17,17,26 3,10,19,21,9,5,2,26

お誕生日おめでとうございます

عيد ميلاد سعيد

生日快樂
Všechno nejlepší k narozeninám

जन्मदिन मुबारक
Շնորհավոր Ծննդյան օրը
생일 축하


(by kaungkinko)


May All Beings be happy and serene.
with Metta,
vowel
(31Jul2010)


Tuesday, June 22, 2010

ကမ်းမကပ်နိုင်တဲ့ည


ဒီည

ညနဲ့ထွေးလုံးသတ်ပုတ်။

လက်မမြှောက်ဘူး။

မရှုံးဘူး။

ဒါပေမယ့် ထွက်ပြေးလိုက်ရတယ်။


သူစိမ်းတရံ ကြယ်ကလေးတွေ သွေးအေးလွန်းတယ်။

မျိုးစေ့မှန်ပေမယ့် အပင်မသန်တဲ့ ဘ၀တွေ ချူချာနိုင်လွန်းတယ်။

ရှိုက်သံရှည်တဲ့ ညီမလေး အားငယ်တတ်လွန်းတယ်။

ရယ်သံပြင်းတဲ့ မေမေ ရိုးသားနိုင်လွန်းတယ်။


ကြယ်ကလေးတွေ နေကြစမ်း၊

ပတ်လမ်းကနေ မကြွေမချင်း နေကြစမ်း။

ဘ၀တွေ ချူချာစမ်း၊

နောက်မလှည့် ဘေးမငဲ့ တည့်တည့်မတ်မတ် ချူချာစမ်း။

ညီမလေးရေ ငိုလိုက်စမ်း၊

မင့်ရင်ထဲ လည်နေတဲ့ ကမ္ဘာကြီး တန့်ရပ်သွားတဲ့ထိ ငိုလိုက်စမ်း။

မေမေရေ ရယ်လိုက်စမ်း၊

ဝါးလုံးတွေ ဖျန်းဖျန်းကွဲသွားကြတဲ့ထိ ရယ်လိုက်စမ်း။


ကူတဲ့ဝါးပဲ ဖြစ်ဖြစ်၊

ထိုးတဲ့ဝါးပဲ ဖြစ်ဖြစ်၊

စူးတဲ့ဝါးပဲ ဖြစ်ဖြစ်၊

ဘာဝါးပဲ ဖြစ်ဖြစ်ပေါ့။

သား မသေနိုင်ပါဘူး မေမေ။


ညီမလေးရေ

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့

တို့မုသားတွေ အရောင်ဆိုးထားဖို့ လိုတယ်နော်။

ဆွတ်ဆွတ်ဖြူပဲပေါ့ကွယ်။


ဒီည

ညကိုပြန်ရှာ၊

ဘ၀ကို ပြန်ရှာ၊

ကြယ်လေးတွေကို ပြန်ရှာ၊

မေမေ့ရယ်သံ ပြန်ရှာ၊

ညီမလေးရဲ့ရှိုက်သံ ပြန်ရှာ၊

မုသားတွေကို ပြန်ရှာ။

လက မသာဘူး။

ဒါပေမယ့် လင်းလက်နေတယ်။

စရ

SG2.30, June 22, 2010

Tuesday, June 8, 2010

“သြကာသလောကရဲ့ဘာသာစကား”

ရိုကျိုးမှုအပြည့်နဲ့ပုံဖျက်ထားတဲ့ဒီပင်လယ်ဟာ
အရာရာထက်ခက်မာကြမ်းတမ်းသေးရဲ့။
ဘယ်သူကမှ ကဗျာကိုနားမထောင်
ပင်လယ်ဆိုတာလည်း နားထောင်စရာမှမဟုတ်ဘဲ။
ရေစက်ရေပေါက်
ဒါမှမဟုတ်...ရေတွန်းထိုးအား...
အဓိပ္ပာယ်လုံးဝကို ကင်းမဲ့။
ဒါဟာ
ပေါင်မုန့် နဲ့ ထောပတ်
ငရုတ်ကောင်း နဲ့ ဆား။
သေခြင်းတရား
လူငယ်လူရွယ်တွေ တောင့်တတဲ့ အရာ။
ဦးတည်ချက် ကင်းမဲ့စွာကမ်းခြေကို ၀င်ဝင်ဆောင့်။
ရည်ရွယ်ရာ ကင်းမဲ့တဲ့ အဖြူရောင် အချက်ပြတွေ။
ဘယ်သူမှကဗျာကို နားမထောင်ကြဘူး။


စရ
8June2010
5:00pm(SG)

Monday, June 7, 2010

သံသရာရေချမ်းစင်

လမင်းအူသံတွေ မကြားရတဲ့ ညတစ်ညမှာ ထရေးမိတဲ့ အိပ်မက်မှတ်စုလေးပါပဲ။ “သံသရာရေချမ်းစင်”လေးကို သတိရစွာဖြင့်။

အိပ်မပျော်တဲ့အတိုင်း
ညကို
သိမ်းထားလိုက်ပါကွယ်။

ပြိုးပြက်သွားတဲ့
စကားလုံးတွေနဲ့ပဲ
ဘ၀ကို ချုပ်ဝတ်ခဲ့ပါတယ်။

အချစ်ရေ
နင့်သံသရာမှာ
ကမ္ဘာတစ်သိန်းစာ
ငါ
လက်မှတ်ရေးထိုးလိုက်ပါပြီ။

အချစ်ကပွင့်တဲ့အပျော်ဆိုရင်
ရေပွက်ပမာလေးမှာလည်း
ငါကူးခတ်နေပါ့မယ်။

ငါတို့ကဗျာတွေ
မျက်ရည်တစ်စက်စိုတိုင်း
ငါတို့အနမ်းလက်တွေ
တင်းတင်းဆုပ်ထားကြမယ်လေ။

ပါရမီတိုးတိုးလေးတွေအတွက်
ရိုးရိုးလေးလွမ်းမိတော့
မုဒိတာအိုးလေးကလည်း
အေးလို့။

အချစ်ရေ
ငါ့အိပ်မက်စင်လေးမှာ
နင့်အပြုံးတွေပဲ
'သာ' တယ်။


လင်းရီဇော်
(၇ ဇွန်လ ၂၀၁၀)