ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Monday, October 25, 2010

အငို

အငို

အရာရာ
မကျန်းမာတဲ့အခါ
သစ်ရွက်အကြွေလေးလို
ပင်စည်ကို တ ရှာပေါ့ မေမေရယ်
မြေပေါ်တရွတ်ဆွဲပါသွားခဲ့ရခြင်းများ
လေထဲ သဲတရှပ်ရှပ်နေ့ရက်များ
အပျံသင်ခဲ့ခြင်းဟာ
အပြန်လမ်း မသိနိုင်အောင်များလား
အဝေးဆီ ပျံသန်းပြေးထွက်သွားခဲ့ရပေါ့
မေမေရယ်...
ဥသြငှက်လေး ငိုကြွေးလွမ်းဆွတ်ရာ အကိုင်းမှာ
ဟောဒီ သစ်ရွက်ရိုင်းလေးအတွက်
ပြန်ဆက်စရာအညှာ မရှိတော့ပြီလား
သောကနဲ့ တသားထဲမို့
ဘ၀က အလျားရှည်လွန်းတယ်
ဟိုး..ငယ်ငယ်တုန်းကလိုဆို
မေမေ့ရှေ့မှာထိုင် ထိုင် ငိုပြီး
ဟောဒီ လောကကြီး ကိုလေ
တိုင်လိုက်ချင်တာပါပဲဗျာ။

(သစ္စာပိုင်စိုး)


***(ရေးလက်စကဗျာတွေ..ရေးလက်စ စာတွေနဲ့ ရေးလက်စ ဘ၀တွေဟာ..တခါတရံမှာ..
ရုတ်တရက်ရွာချလိုက်တဲ့မိုးကြောင့် ရေစိုနှုးအိစုတ်ပြဲကုန်တာမျိုးလဲ
မရည်ရွယ်ပါဘဲဖြစ်လေ့ဖြစ်ထရှိသလို...အမှတ်မထင် မတော်တဆ ဖြစ်တတ်တဲ့
အခါမျိုးတွေမှာ...လူ့နှလုံးသားဟာ...အရည်တစ်မျိုးကို အရှိန်ပြင်းပြင်း ညစ်ထုတ်
လိုက်ပါတယ်။ ဒါကို မျက်ရည်လို့ တခုတ်တရ ဘာသာပြန်မိတော့....
Foma Gordeyev လေးလို (မှောင်မိုက်မှာငို) ရင်း သစ္စာပိုင်စိုးရဲ့
အဟောင်းလေးတစ်ပုဒ်နဲ့...အပြာရောင်တနင်္လာ ကို ခင်းကျင်းချထားလိုက်ပါတယ်။
ဘာမှ ဆက်လုပ်လို့မရတဲ့အနေအထားတွေရောက်ရင်...ခဏရပ်နေပါ...တဲ့။
ခဏဆိုပီးရပ်နေတုန်း...ရှုစရာအောက်ဆီဂျင်လေးတောင် မလုံလောက်တဲ့ဘ၀ကို
ဘယ်လို ယောနိသောမနဿီကာရ လိုက်ရပါ့မလဲ။
ကောင်းကင် ပေါ်မှာတော့...Haze တွေက အငြိုးတကြီး
ကျနော့်အောက်ဆီဂျင်ပိုက်ကို
ဆွဲဖြုတ်ချဖို့ ခုထိ ကြိုးစားနေတုန်း။
အညှာတာ ကင်းမဲ့လိုက်ပုံများလေ။

with Metta,
vowel
25Oct2010

1 comment:

  1. “အသော”

    မာမာချာချာ
    ကျန်းမာတဲ့အခါ
    သစ်ရွက်အကြွေလို
    ပင်အိုကို မေ့တာပေါ့ မေမေရယ်
    လေထဲ ၀ဲလွင့်ရတာတွေ
    အူလှိုက်သဲလှိုက် စက္ကန့်တံတွေ
    အပျံသင်ခဲ့တာကိုက
    ဒီလိုပျံချလိုက်ဖို့
    ဝေးရာဝဲလွင့်လွတ်လပ်ဖို့လေ
    မေမေရယ်…
    လေဆန်ဖြစ်အုံးတော့
    ယောနသံရဲ့လမ်းမှာ ပင်အိုကိုတမ်းတစရာမှ မလိုတာ
    ပြန်လည်ဝေဆာဖို့ရော လိုသေးလို့လား
    သောကတွေထားခဲ့ပြီ
    ဘ၀တွေဆက်အုံးမယ်
    နောက်နောင်ဆို
    မေမေ့ကိုမလွမ်းကြေး
    လောကကြီးနဲ့ လောင်းကြေးထပ်မယ်ဗျာ။

    (မဖြစ်ညစ်ကျယ်)

    ***[ရေးလက်စကဗျာတွေ..ရေးလက်စ စာတွေနဲ့ ရေးလက်စ ဘ၀တွေဟာ.. တခါတရံမှာ.. ရုတ်တရက် ရွာချလိုက်တဲ့မိုးကြောင့် အညွန်တလူလူ တက်လာတာမျိုးလည်း မရည်ရွယ်ပါဘဲ ဖြစ်လေ့ဖြစ်ထရှိသလို... အမှတ်မထင် မတော်တဆ ဖြစ်တတ်တဲ့
    အခါမျိုးတွေမှာ... လူ့နှလုံးသားဟာ... လေတစ်မျိုးကို အရှိန်ပြင်းပြင်း ညစ်ထုတ်လိုက်ပါတယ်။ ဒါကို ရယ်မောသံလို့ တခုတ်တရ ဘာသာပြန်မိတော့... Peggy Lee ရဲ့ Sweet Happy Lifeကို ခံစားရင်း မဖြစ်ညစ်ကျယ်ရဲ့ အသစ်လေးတစ်ပုဒ်ကို ဒိုင်မင်းရှင်းစုံတဲ့ ကြာသပတေးထဲမှာ သော့ခပ်သိမ်းထားလိုက်ပါတယ်။
    လုပ်စရာတွေကြားမှာ ခေါင်းမပြူနိုင်တဲ့ အခြေအနေ ရောက်ရရင် ...ခဏထိုင်လိုက်ပါ...တဲ့။
    ခဏဆိုပီးထိုင်နေတုန်း... ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပျံထလာတာကိုတောင် ဒီလိုပဲ အကောင်းမြင်လိုက်ပါတယ်။
    မြေပြင်မှာ မျက်ခင်းစိမ်းစိမ်းတွေ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ကျွန်တော့်ဆီက တွန်းထိုးထုတ်လွှတ်ဖို့ ကြိုးစားနေကြတုန်း။
    ကြင်နာတတ်ကြပုံများ ပြောပါတယ်။]

    Without Anything,
    Sara
    28Oct2010

    ReplyDelete

ဝေဖန်လေကန်ကြမယ်..လာ။