ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Tuesday, June 8, 2010

“အထားအသိုမှားတဲ့မီး”

“ဘယ်သူမပြု မိမိမှု” တဲ့
ကာလသုံးပါးစလုံးမှာ
ကံသုံးပါးစလုံးနဲ့..
အဲဒီနံရံပေါ်ကစာသားလေးဆီ
ငါဦးညွှတ်အလေးပြုခဲ့ရ။

အာကာသဆီလမ်းများနေလို့
ငါ့ကမ္ဘာမီးလောင်နေတာ..မသိလိုက်။
ငါ့အိမ်မီးလောင်နေတာ..မသိလိုက်။
ငါ့ခန္ဓာမီးလောင်နေတာ ..မသိလိုက်။
ဆယ့်တစ်မီး
ဆယ့်နှစ်မီး
ဆယ့်သုံးမီး
ဟူး....ပူလွန်းလှတယ်။

ဒီလို.. မိုက်မဲမှုတွေကို
ဒီလို.. နောင်တတရားတွေကို
ဒီလို..အဖိတ်အစဉ်များတဲ့နေ့ရက်တွေကို
ဒီလိုဆောက်တည်ရာ ယိုင်နဲ့နဲ့အတွေးတွေကို
(ကိုနော ပြောသလို..)
ဒီလို“ကွန်ကရစ်တောထဲပစ်ချခံထားရတဲ့ဘ၀” ကို
ဒီလိုလောကဓံရှစ်ပါးထဲ ချောင်ပိတ်အရိုက်ခံနေရတာတွေကို
ဒီလို..တိတ်တဆိတ်သိမ်ငယ်အထီးကျန်မှုတွေကို
ဒီလို..မသိဆိုးရွားအ၀ိဇ္ဇာတွေကို
ဒီလို..သက်တမ်းနဲ့အမျှရင့်မှည့်လာတဲ့..အတ္တတွေကို
ဒီလောင်နေတဲ့မီးထဲ..ထည့်လိုက်ချင်ပါဘိ။

ဒီလိုကြာကြာဝါးမှ ခါးမှန်းပိုသိလာတဲ့ဘ၀မှာ
ဒီလိုကျောမှီချလိုက်ဖို့ နံရံပျောက်နေတဲ့ဘ၀မှာ
ဒီလိုအဖန်ငါးရာကို..ပျင်းရိသွားတဲ့ရူးသွပ်မှုတွေမှာ
ဒီ “Mirror” ဆိုတဲ့ကဗျာနဲ့အိပ်မိတဲ့ညမှာ
စီလ်ဗီယာ ကို အားကျစိတ်တစ်ဝက်
ကိုယ့်ကိုကိုယ်မြတ်နိုးစိတ်တစ်ဝက်နဲ့
ဒီမီးပုံထဲ...ကိုယ်တိုင်..ခုန်ချချင်ခဲ့...။
မလုပ်နဲ့။
မလုပ်နဲ့။

ရုပ်ကလှုပ်နေတာလား
နာမ်ကလှုပ်နေတာလား
ရုပ်ကရှုပ်နေတာလား
နာမ်ကရှုပ်နေတာလား
ငြိမ်ငြိမ်နေ...
ငြိမ်းငြိမ်းနေ...
ဒီလို..အပ္ပမာဒေန မှာသမ္မာဒေထ ဖို့
အရေးပေါ်သွေးလိုနေတယ်။
အရေးပေါ်ဆေးဝါးလိုနေတယ်။
အရေးပေါ် ကုသချက်လိုနေတယ်။


(ကုသချက်-၁)
သီချင်းအေးအေးလေးတွေနားထောင်ပါ။
(ဟစ်ဟော့ဆူဆူများရှောင်။)
ကဗျာနုနုလေးတွေဖတ်ပါ။
(စီလ်ဗီယာပလပ့်သ် ကဗျာများရှောင်။)
စာများများဖတ်ပါ။
(ထောင်စာပေများ..ထောင်တွင်းအတွေ့အကြုံစာပေများရှောင်)

်ဘုရားမှန်မှန်ဝတ်ပြုပါ။
(ဂျီကျဆုတောင်းခန်းများရှောင်။)
မေတ္တာများများပို့ပါ။
(ဟိုသူ့ချန် ဒီသူ့ချန်ခြင်းများရှောင်)
စိတ်ကိုပျော်အောင်ထားပါ။
(စိတ်ကိုပျော့အောင်ထားခြင်းရှောင်။)

(ကုသချက်-၂)
ကာလာမသုတ် ကိုခေါင်းအုံးအိပ်ပါ။
(ကုလားမအသုတ်များ မစားရ။)
ကိုယ်ဆောက်ခဲ့တဲ့အဆောက်အအုံက
ကိုယ့်ကိုပြန်ပုံသွင်းလိမ့်မယ်ဆိုတာယုံထားပါ။
(သံကူကွန်ကရစ်ပါမပါ အာမခံရှိရမည်။)
ကံ-ကံ၏အကျိုးကိုယုံပါ။
(ကန်ကိုဖြတ်ထိုး တံတားကျိုးပေါ်လမ်းမလျှောက်ရ။)
မိဘမေတ္တာကိုယုံပါ။
(မုန့်ဖိုးမပေးတော့သောဆယ်နှစ်တာကိုမေ့ထားရမည်။)
ရွှေယုန်နဲ့ရွှေကျားပုံပြင်ကိုမကြာမကြာပြန်ဖတ်ပါ။
(မုသာဝါဒသည်ဈေးအပေါဆုံးချိုချဉ်ဖြစ်၏။)
“စိတ်ကောင်းထားရှိ အကျိုးများ၏..” ကိုယုံပါ။
(ကိုယ့်ယုတ္တိဗေဒနှင့်ညီနိုင်သလောက်သာ။)
နောက်...
ယုံချင်သလိုလိုဖြစ်နေသောစကားများကိုလဲ ယုံပစ်ပါ။

(ကိုယ်တာဝန်ယူနိုင်သောကိုယ့်ရွေးချယ်မှုမျှသာ။)

(ကုသချက်-၃)
အဲဒီယုံကြည်မှုတွေကိုစိတ်ချလက်ချထားလိုက်ပီး
ယနေ့ည နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်ကြိုးစားပါ။
မနက်ဖန်မနက် ကြည်ကြည်လင်လင်နိုးထအောင်ကြိုးစားပါ။
အာရုဏ်ဦးငှက်များ၏တေးဆိုသံ
အက်ဆစ်မိုးတိမ်ကြားမှ နေခြည်
ပျုားပန်းခတ်လမ်းမလျာကြီးနှင့်
ငြီးငွေ့ဖွယ်နေ့သစ်များကို
တန်ရာတန်ကြေးပေးဝယ်ယူလိုက်ပါ။
ဘ၀သည်...
အစိမ်းဆတ်ဆတ် မာကျောကျွတ်ဆတ်နေသော..
(ဟမ်ဘာဂါကြားညှပ်စားပစ်ဖို့ကောင်းသည့်..)
ဆလပ်ရွက်တစ်ရွက်သာဖြစ်သည်။


သရ
(၈ဇွန်၂၀၁၀)
(ဒီလိုစိတ်တွေအညောင်းမိနေတုန်း...ဒီလိုအပျင်းကျောဆန့်မိပါတယ်။)






“သြကာသလောကရဲ့ဘာသာစကား”

ရိုကျိုးမှုအပြည့်နဲ့ပုံဖျက်ထားတဲ့ဒီပင်လယ်ဟာ
အရာရာထက်ခက်မာကြမ်းတမ်းသေးရဲ့။
ဘယ်သူကမှ ကဗျာကိုနားမထောင်
ပင်လယ်ဆိုတာလည်း နားထောင်စရာမှမဟုတ်ဘဲ။
ရေစက်ရေပေါက်
ဒါမှမဟုတ်...ရေတွန်းထိုးအား...
အဓိပ္ပာယ်လုံးဝကို ကင်းမဲ့။
ဒါဟာ
ပေါင်မုန့် နဲ့ ထောပတ်
ငရုတ်ကောင်း နဲ့ ဆား။
သေခြင်းတရား
လူငယ်လူရွယ်တွေ တောင့်တတဲ့ အရာ။
ဦးတည်ချက် ကင်းမဲ့စွာကမ်းခြေကို ၀င်ဝင်ဆောင့်။
ရည်ရွယ်ရာ ကင်းမဲ့တဲ့ အဖြူရောင် အချက်ပြတွေ။
ဘယ်သူမှကဗျာကို နားမထောင်ကြဘူး။


စရ
8June2010
5:00pm(SG)

Monday, June 7, 2010

သံသရာရေချမ်းစင်

လမင်းအူသံတွေ မကြားရတဲ့ ညတစ်ညမှာ ထရေးမိတဲ့ အိပ်မက်မှတ်စုလေးပါပဲ။ “သံသရာရေချမ်းစင်”လေးကို သတိရစွာဖြင့်။

အိပ်မပျော်တဲ့အတိုင်း
ညကို
သိမ်းထားလိုက်ပါကွယ်။

ပြိုးပြက်သွားတဲ့
စကားလုံးတွေနဲ့ပဲ
ဘ၀ကို ချုပ်ဝတ်ခဲ့ပါတယ်။

အချစ်ရေ
နင့်သံသရာမှာ
ကမ္ဘာတစ်သိန်းစာ
ငါ
လက်မှတ်ရေးထိုးလိုက်ပါပြီ။

အချစ်ကပွင့်တဲ့အပျော်ဆိုရင်
ရေပွက်ပမာလေးမှာလည်း
ငါကူးခတ်နေပါ့မယ်။

ငါတို့ကဗျာတွေ
မျက်ရည်တစ်စက်စိုတိုင်း
ငါတို့အနမ်းလက်တွေ
တင်းတင်းဆုပ်ထားကြမယ်လေ။

ပါရမီတိုးတိုးလေးတွေအတွက်
ရိုးရိုးလေးလွမ်းမိတော့
မုဒိတာအိုးလေးကလည်း
အေးလို့။

အချစ်ရေ
ငါ့အိပ်မက်စင်လေးမှာ
နင့်အပြုံးတွေပဲ
'သာ' တယ်။


လင်းရီဇော်
(၇ ဇွန်လ ၂၀၁၀)