Tuesday, June 22, 2010
ကမ်းမကပ်နိုင်တဲ့ည
ဒီည
ညနဲ့ထွေးလုံးသတ်ပုတ်။
လက်မမြှောက်ဘူး။
မရှုံးဘူး။
ဒါပေမယ့် ထွက်ပြေးလိုက်ရတယ်။
သူစိမ်းတရံ ကြယ်ကလေးတွေ သွေးအေးလွန်းတယ်။
မျိုးစေ့မှန်ပေမယ့် အပင်မသန်တဲ့ ဘ၀တွေ ချူချာနိုင်လွန်းတယ်။
ရှိုက်သံရှည်တဲ့ ညီမလေး အားငယ်တတ်လွန်းတယ်။
ရယ်သံပြင်းတဲ့ မေမေ ရိုးသားနိုင်လွန်းတယ်။
ကြယ်ကလေးတွေ နေကြစမ်း၊
ပတ်လမ်းကနေ မကြွေမချင်း နေကြစမ်း။
ဘ၀တွေ ချူချာစမ်း၊
နောက်မလှည့် ဘေးမငဲ့ တည့်တည့်မတ်မတ် ချူချာစမ်း။
ညီမလေးရေ ငိုလိုက်စမ်း၊
မင့်ရင်ထဲ လည်နေတဲ့ ကမ္ဘာကြီး တန့်ရပ်သွားတဲ့ထိ ငိုလိုက်စမ်း။
မေမေရေ ရယ်လိုက်စမ်း၊
ဝါးလုံးတွေ ဖျန်းဖျန်းကွဲသွားကြတဲ့ထိ ရယ်လိုက်စမ်း။
ကူတဲ့ဝါးပဲ ဖြစ်ဖြစ်၊
ထိုးတဲ့ဝါးပဲ ဖြစ်ဖြစ်၊
စူးတဲ့ဝါးပဲ ဖြစ်ဖြစ်၊
ဘာဝါးပဲ ဖြစ်ဖြစ်ပေါ့။
သား မသေနိုင်ပါဘူး မေမေ။
ညီမလေးရေ
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့
တို့မုသားတွေ အရောင်ဆိုးထားဖို့ လိုတယ်နော်။
ဆွတ်ဆွတ်ဖြူပဲပေါ့ကွယ်။
ဒီည
ညကိုပြန်ရှာ၊
ဘ၀ကို ပြန်ရှာ၊
ကြယ်လေးတွေကို ပြန်ရှာ၊
မေမေ့ရယ်သံ ပြန်ရှာ၊
ညီမလေးရဲ့ရှိုက်သံ ပြန်ရှာ၊
မုသားတွေကို ပြန်ရှာ။
လက မသာဘူး။
ဒါပေမယ့် လင်းလက်နေတယ်။
စရ
SG2.30, June 22, 2010
No comments:
Post a Comment
ဝေဖန်လေကန်ကြမယ်..လာ။