ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Friday, May 21, 2010

“ပင်လယ်ဓါးပြတွေရဲ့အလွမ်း”

ဘုရားစင်ပေါ်က သောက်တော်ရေခွက်လို
အသစ်လာတိုင်းအသွန်ခံနေရ....ဘ၀။

နွားခြေရာခွက်လို....ပင်လယ်အတုမှာမှ
ပညာသားပါပါကြီးလှိုင်းမူးနေခဲ့
ပင်လယ်ဓါးပြကို..အားကျစိတ်နဲ့ပေါ့။

ဒီလို...မြတ်နိုးမှုကို..စွဲလမ်းမှုကို..
ကဗျာအပေါ်ထားတဲ့ယုံကြည်သက်ဝင်မှုတွေကို...
ကြမ်းတစ်ပြေးထိုင်ဆွေးနွေးကြမတဲ့...
“တကယ်တော့ ကဗျာဆရာဆိုတာ..ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ” ဆိုတဲ့
အဲဒီဓါးပြအိုကြီးက..
ငါ့ကို ...အိပ်မက်ပေးလား...ပေးရဲ့။

ဒီအဆုတ်နံရံတွေကျပ်ခိုးစွဲအောင် အစီခံတွေစုဆောင်းခဲ့
နှစ်ပဋိစ္ဆေဒတွေ...
ဆီသယ်မလက်သုတ်လို မာယာနဲ့သာဌေယျတွေ..
ငါ..ပြုတ်..ပြုတ်လျှော်ပစ်ခဲ့
နှစ်ပဋိစ္ဆေဒတွေ...
ဒီရင်ဘတ်မှာ..သွေးတွေလို..ဆပ်ပြာပူပေါင်းအမြှုပ်တွေ..ပလုံစီထ
မြင့်မိုရ်တောင်ထိတောင်ရောက်လို့။

တခါတခါ...အဘိဓမ္မာဆန်ချင်လွန်းသူတွေက....
“လူ့ဘ၀ဆိုတာ...မီးပုံးပျံလိုပဲ...
လွှင့်တင်လိုက်ပီဆိုကတည်းက...ပေါက်ကွဲလောင်ကျွမ်းပီးစီးရင်
ပျက်သုဉ်းပြာကျဖို့ပါပဲ...”တဲ့။
ဒီလို..ရောင့်ရဲခြင်းကိုလား...ပျင်းရိခြင်းကိုလား
လူ့မာနကိုလား..စိန်ခေါ်လိုက်ပုံ...။
ဒါကို..အော့ပတီမစ်စတစ်သမားတွေချည်း....စုဆွေးနွေးနေကြတာ...တဲ့
(ကြီးကျယ်လိုက်ကြပုံများကွာ)

အဲဒီနွားခြေရာခွက်တွေထဲက..ဖားတွေဆီပါပဲ...
“ဟောဒီက...အလိမ္မာ..၀ယ်ကြဦးမလားတော့” တဲ့
ဒီလို.အောင်မြင်မှုကိုသိုသိပ်တတ်ဖို့...
ကြီးကျယ်မှုတွေကို...လေပေါင်လျော့ဖို့...
နထင်ရောက်သွေးတွေကို...သွေးကျဆေးတိုက်ဖို့...
ပင်လယ်ဓါးပြနဲ့ငါ...နှစ်ဦးသဘောတူ...တစ်ကျွန်းစံခဲ့တယ်။

ခု ..ငါကောက်ဆောင်းထားတဲ့ခေါင်းပေါင်း...
ဘီလူးခေါင်းမှန်းလူသိနည်းတယ်..
မိုးကြိုးပစ်ရင်..ကာမဲ့ထန်းလက်
lightning arrestor တပ်ထားတယ်။
ဒီလို...အိုမင်းရင့်ရော်လာတဲ့ ခေါင်းအနှစ်သားတွေကို
ဒီလို..အနယ်ကျလာတဲ့ ရင်ခုန်သံတွေကို
ဒီလို...ပြည့်စုံလုံလောက်လာတဲ့ လှစ်ဟာချက်တွေကို
ဒီလို..စိမ်းစိုလန်းဆန်းချင်ယောင်ဆောင်ထားတဲ့ ထိကရုန်းတွေကို
ဒီလို...ပါရမီယောင်ဆောင်ထားတဲ့..၀ဋ်ကြွေးတွေကို
ခုတော့...ဒီရုပ်နဲ့..ဒီနာမ်
အပေးအယူမတည့်တာလေးတစ်ခုထဲနဲ့...
အဲသလို..ဘာမှန်းမသိတာတွေအားလုံးကို
ကျွန်တော်မျိုးကြီး...လွမ်းနေရပါပြီ။

ပုဝါလေးခြုံပီးလွမ်း..
နှာရည်လေးသုတ်ရင်းလွမ်း..
ဘီယာလေးသောက်ရင်းလွမ်း..
ဆေးလိပ်လေးဖွာရင်းလွမ်း..
ပျော်ပျော်ရွှင်ရွှင်လွမ်း..
တက်တက်ကြွကြွလွမ်း..
ကျေကျေနပ်နပ်လွမ်း..
နှစ်ထောင်းအားရလွမ်း..
တင်းပြည့်ကျပ်ပြည့်လွမ်း..
အားရပါးရလွမ်း..
ပက်ပက်စက်စက်လွမ်း...
စိတ်ရောကိုယ်ပါလွမ်း..
....လွမ်း
....လွမ်း
....လွမ်း
ဒီလို..Future shock တွေသိပ်များနေတဲ့
ဓါးပြအိုကြီး ရဲ့ပင်လယ်အတုထဲ
ငါတို့လှေတွေ..အရူးအမူး..လူးနေတာနဲ့စာရင်..
ဒီလို..စိတ်လိုလက်ရလေးလွမ်းနေရတာက
ပိုမကောင်းဘူးလား...အချစ်ရယ်။
ကဲ..ခု..
ကိုယ်ကတော့..ဒီအလွမ်းတွေကို...
ရေမရောပဲ...တစ်ကျိုက်ထဲ...မော့ချလိုက်ပြီကွာ။


သရ
(၂၂မေ၂၀၁၀)

(၁၉၄၉ ခုနှစ်က..ကမ္ဘာမြေကိုဖွဲ့ဆိုဖတ်ကြားဖို့..ကမ္ဘာ့ သားအိမ်ကြီးထဲနေထိုင်ကျက်စားသွားတဲ့
လူကြိုက်နည်းသည်ဟုဆိုသောပင်လယ်ဓါးပြကြီးတစ်ဦးအား..ချစ်ခင်လေးစားအမှတ်ရခြင်းများစွာဖြင့်...)

Wednesday, May 19, 2010

“ပင်လယ်”

(၁)
ရှေးအကျဆုံးမြတ်နိုးဖွယ်ပစ္စည်းက
“ဟာကွက်” တဲ့
ဒီလေပူတွေကို
သစ်ရွက်တွေက
တံခါးပြန်မပိတ်ပေးခဲ့ဘူး။

(၂)
မျက်လုံးနဲ့အပြည့်
အစွယ်ဖွေးဖွေး တံလျှပ်တွေအလယ်
ရွှေသမင်မဟုတ်လည်း
ရေဆာနေချိန်မှာတော့
မော့သောက်မိတယ်။

(၃)
ခုတော့
ဗန်ဂိုးကို အားကျတိုင်း
ပွင့်မပြနိုင်တော့တဲ့ ငါ့နေကြာတွေ
ဒီနောင်တတွေ ကမ်းကပ်ဖို့ရာ
လှေတစ်စင်းမှ မရှိတော့ဘူး

(၄)
ဟောဒီ ကမ္ဗောဇလေးရဲ့
နံရိုးငေါငေါ ကိုင်းဖျားလေးမှာ
ဗီသိုဘင်ကိုယ်တိုင်တီးတဲ့
“ဥသြဆိုနာတာ”တွေ
ဘ၀မှာ မဆိုဖြစ်တဲ့သီချင်းက
အဲသလို.. အဲသလို..
ပိုပြီးအသက်ဝင်နေလို့။

(၅)
မျက်ရည်ကို သယ်ဆောင်မယ့်
ပျားရည်မြစ်တွေ
ငါ့ဓါးသွားပေါ်...အလျားလိုက် ...အလျားလိုက်
တကယ်လှော်ကြည့်တော့
ဘ၀က
ပင်လယ်ဖြစ်နေတယ်။

All the best and good luck.
သရ
၂၀၁၀၊မေ ၁၉

Wednesday, May 12, 2010

“ကိုယ်ပိုင်လောကီ”

သူသည် မနူးမနပ်ချာတိတ်လေးတစ်ယောက်မဟုတ်တော့ကြောင်း
အပူတပြင်းသက်သေပြနေစရာ မလိုတော့ရ လောက်အောင်..သူရင့်ကျက်ခဲ့ပြီဖြစ်သည်။
“ကိုယ်စီးလာသောမြင်း အထီးမှန်းအမမှန်း သိရှိနားလည်” ခဲ့ပြီဖြစ်သောကြောင့် ကျေးလက်က..သူ့အမေအိမ်လေးတွင်..
မကြာမီ မိုးဥတုရောက် တော့မည်ဖြစ်သည်။

အမေ့ခြံဝန်းလေးထဲမှ..တစ်နွေလုံးခြောက်သယောင်းခတ်နေသော
နှင်းဆီပင်ရိုးတံလေးမျာ
ပြန်လည် စိမ်းစို ဝေဖြာကြတော့မည်ဖြစ်ကြောင်း..သူကတိပေးခဲ့သည်။
“ဆင်ဖမ်းမယ်..ကျားဖမ်းမယ်” ဟုဆိုကာ...အမေ့အိမ်မှ
ကျောပိုးအိတ်တစ်လုံးနှင့်သူဆင်းခဲ့ပါသည်။
စိတ်မှန်းဖြင့်ဆောက်ခဲ့သောတိုက်အိမ်သည် လေထဲတွင်
ပျက်ပြယ်မသွားရအောင် မိုးပျံပူဖောင်းများနှင့်
ကျောက်ဆူးကြီးကြီးများ..များများစားစားဝယ်ယူ စုဆောင်းထားလိုက်သည်။
အခက်အခဲအားလုံးကို စိန်ခေါ်နိုင်သော..ဘ၀င်တစ်မျိုးဖြင့် သွေးနထင်
ရောက်နေသော်လည်း...သူ့အား..“စိတ်ကြွရောဂါဝေဒနာ
သည်” ဟုစွပ်စွဲပစ်လိုက်ရမှာ...အားနာစရာကောင်းရလောက်အောင်
..သူက “ယောနိသော မနသီကာရ” ကို
တွင်တွင်သုံးလေ့ရှိသည်။

တစ်ရက်အတွင်းအာဏာသိမ်းသွားသော..ဟိုနိုင်ငံမှ..ဟိုအန်တီကြီးကို အားကျသော် လည်း “ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်ရုံမှန်းစမ်း” ဟူသောသူ့အမေစကားကြောင့် အမေ့ဆန်အိုးလေး.. ဆန်ပြည့်နေစေရေးအတွက်သာ.
.သူ...သူရဲဘောကြောင်စွာ မြွေစွယ်ကျိုးနေထိုင်တတ်ခဲ့သော်လည်း

နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဆိုသည့်ဦးတည်ချက် (၁၂) ရပ်ကို..
မြန်မာဗွီဒီယိုကြည့်တိုင်း သတ္တိရှိရှိ

သူကျော်ပစ်ခဲ့လိုက်သည်။
သူ့မှာလည်း...သူ့ကိုယ်ပိုင် road map နှင့်သူပဲ။


“အနောက်တောင်မုတ်သုန်လေ” တို့ “မြောက်ပြန်လေ” တို့..
တင်စားဖွဲ့နွဲ့ဖွယ်ရာမဲ့သော ရာသီဥတုမဲ့
ကျွန်းကလေးပေါ်သို့သူရောက်ရှိခဲ့သည်မှာ..နာရီပေါင်း
နှစ်ထောင့်ရှစ်ရာကျော်ရှိပေပြီ။ တစ်နာရီ ညီမျှခြင်း
ငွေတစ်ဆယ် နေ့ရက်များ ကိုခါးသီးသော်လည်း
ဒါဟာသူ့ကံကြမ္မာကသူ့ကို ထိုးလိုက်သော ညာဝိုက်လက်သီး
ချက်မှန်း သိနေသောကြောင့် သူမေးထိုးပီး အသာတကြည်ငြိမ်ခံနေလိုက်သည်။
သူ့ဘ၀သည် မြ၀တီရုပ်မြင်
သံကြားလို နောက်တစ်နေ့အစီအစဉ်ထိုးစရာမလိုအောင် ထပ်နေသည်။“ယမန်နေ့များအတိုင်းသာ” ဟု
လိုရင်းတိုရှင်း ပြောထားလို့ရနေသည်။
သွားနေကျလမ်းများတွင်လည်း သွားရင်းလာရင်း..အသက်သာကြီးသော်လည်း..အချိန်မစီးသေးသောသူများ
နှင့် အသက်မကြီးသေးသော်လည်းအချိန်စီးနေသောသူများ..ကိုဖြတ်သွားဖြတ်လာတွေ့ဆုံခဲ့သည်။ ဖြူစင်မြင့်
မြတ်လှသောကဗျာလေးတပုဒ်ကိုလည်း...အမှတ်မထင်ကောက်ရခဲ့ကာ...ပါရမီယောင်ဆောင်ပြီး..
တိတ်တိတ်လေးလွမ်းလိုက်ရသေးသည်။ဘာပဲဖြစ်ဖြစ်..ဘ၀သည်..
တန်ရာတန်ကြေးပေးဝယ်ထားရတာသော...ကိုယ်ပိုင်လောကီတစ်ခုပင်ဖြစ်သည်။

သီဟပူရကျွန်းငယ်လေးတွင်..သူအတန်တန်မက်သောအိပ်မက်မှာ...တစ်ခုထဲသာဖြစ်ဖြစ်နေတတ်သည်။
မနက်မိုးလင်းလို့..ရုပ်မြင်သံကြားဖွင့်လိုက်တာနှင့်..မဲဆွယ်သီချင်းသံများစီဝေနေသောအိမ်တွင်...သူ့အမေ
ကြော်ပေးသောပဲပြုတ်ထမင်းကြော်ပူပူလေးကို..
လက်ရွေးစင်လက်ဖျော်ကော်ဖီကျကျတစ်ခွက်နှင့်သတင်းစာဖတ်
ရင်း...နေပူစာလှုံရင်း အမေ့နှင်းဆီခင်းလေးနဘေးတွင် သူ့မနက်စာကိုစိမ်ပြေနပြေထိုင်စားနေသည်။
ဘေးတွင်တညောင်ညောင်လာအော်နေသောပူစီလေးနှင့်
...ခြံထောင့်ထင်းရှုးပင်ဖားဖားကြီးပေါ်မှာ..စာကလေးသံများ စီလောင်လို့။..ဒါဟာ..ညပေါင်းတစ်ရာ့နှစ်ဆယ်လုံး...သူအထပ်ထပ်ပြန်မက်နေတဲ့...
အခုတလောခေတ်စားနေသောသူ့အိပ်မက်ဖြစ်သည်။အမှန်တော့...
သူ့သူငယ်ချင်းတော်တော်များများလည်း..ဒီလိုအိပ်မက်မျိုးတွေ..
မက်ရလွန်းလို့...ကြာတော့ရိုးတောင်နေဘီဟေ့..ဆိုတာမျိုးလဲဖြစ်နေနိုင်သည်..ဟု..သူတွေးနေမိသည်။

ဘ၀သည်ငြီးငွေ့ဖွယ်ကောင်းလွန်းလှသည်...ဟု...သူတစ်ကြိမ်တစ်ခါမှ..မတွေးမိဖူး။
ဘ၀ကို..ဘ၀ဟုပဲသူမြင်သည်။ သူသည်လည်း..သူပဲပေါ့။ သူသည်...သီဟပူရတွင်...သာမန်မြန်မာတစ်ယောက်
သာဖြစ်သည်။ ဦးသန့်လိုကမ္ဘာကျော်ထူးထူးခြားခြားမြန်မာတစ်ယောက်မဟုတ်ခဲ့ပါချေ။
သူလိုကိုယ်လို..အလုပ်လုပ်..သူလိုကိုယ်လို..
နေထိုင်ကျင်လည်နေပြီး..သူ့လောက်ကိုယ့်လောက်သာရည်မှန်းချက်ရှိသည့်
သာမန်မြန်မာစစ်စစ်တစ်ယောက်သာဖြစ်သည်။ သူလိုကိုယ်လိုကိုယ်ပိုင်
ဘလော့လေးလုပ်ကာ
..သူလိုကိုယ်လိုကဗျာတွေစာတွေ လျှောက်ရေးပြီး..
သူ့လောက်ကိုယ့်လောက်သာခံစားတတ်သော..
သာမန်လူငယ်တစ်ယောက်သာဖြစ်သည်။

ယခုတစ်လောတော့...ကဗျာတွေချည်းသာလှိမ့်ဖတ်နေပြီး...
ဖတ်သမျှဘယ်ကဗျာကိုမှလဲ..ကောင်းကောင်း
မမှတ်မိဖြစ်နေသည်။
အရင်ကတော့..ဒီလိုမဟုတ်။ တစ်ခါဖတ်ကြည့်လိုက်ပီး..သူကြိုက်သွားသောကဗျာတစ်ပုဒ်ကို..
.နောက်တစ်ခါပြန်ဖတ်လိုက်ရုံနှင့်...သူအလွတ်ရသွားတတ်သည်။
ဘယ်တော့မှမမေ့တော့...နှလုံးသားထဲစွဲနေသည်။ သူကဗျာစဖတ်တော့...နှစ်တန်း...။
ဒီလိုပြောတော့...
သူငယ်ချင်းတွေက..“ပိုလိုက်တာဟယ်...မဖြစ်နိုင်တာကြီး”..ဟုဆိုကြသည်။ “အိုဘယ့်ဘယ်...အိုဘယ့်သမီးတော်...ရွှေလှော်သွန်းပုံဆင်း” သူတော်တော်လေးစွဲလမ်းခဲ့ရသည်။
ဘုရင့်သမီးတော်လေးတွေ၏ အလှကို...အဲသလိုတင်စားဖွဲ့နွဲ့ကာ
မျက်စေ့ထဲ..တ၀ဲဝဲမြင်လာအောင်...စာသားအနည်းငယ်နှင့်
ရေးသားတင်ပြသည်ကို..အလှဘွဲ့ကဗျာဟု...ခေါ်သည်...တဲ့။သူငယ်ငယ်လေးကတည်းက ကဗျာရူးစာရူးလေးဖြစ်ခဲ့သည်။အတန်းစဉ်တိုင်းတွင်..
ဘယ်ဘာ
သာမှာမှ..ဂုဏ်ထူးမထွက်ခဲ့ဖူးသော..
သူ့ယူနီဗာစီတီအယ်ဂျူကေးရှင်းလိုက်ဖ်သည်..ကျောင်းလိုင်ဘရီရှိ...
၁၉၈၀-၂၀၀၀ နှစ်နှစ်ဆယ်စာမဂ္ဂဇင်း အမျိုးအစားပေါင်းများစွာမှ..
ကဗျာဖြတ်သန်းမှုများထဲနစ်မြှုပ်ပျောက်ဆုံးလုနီးပါးဖြစ်ခဲ့သည်။သူသည်..
ထိုကဲ့သို့..တလွဲဆံပင်ကောင်းရာ
တွင်..အလွန်ထူးချွန်ခဲ့သူဖြစ်သည်။

သူ ရှစ်တန်းလောက်ကတည်းက...အားကျခဲ့ရသော...satire
ကဗျာဆရာကြီးမှာ..ဦးကြင်ဥ ဖြစ်ပီး
သူ့ကိုအားကျသဖြင့်...သူ့လို..စတိုင်ယားတွေလဲ.
.တုပရေးသားခဲ့ဖူးသည်။ ဒွေးချိုး..တြိချိုး..လေးချိုး..တေးထပ်
တွေဘာတွေ...ဖြစ်မလာသော်လည်း...၄-၃-၂-၁ တွေဘာတွေ.
.ကာရံမညီခဲ့သော်လည်း...သူ့အတိုင်းအတာ
နှင့်သူတော့..တော်တော်လေးကျေနပ်ခဲ့မိသည်။ ဆယ်တန်းပြီးတော့..
ယောင်တောင်ပေါင်တောင်ကာလတွေမှာ
အထင်ကရလုပ်ဖြစ်တာဆိုလို့...ခြံထဲမှာ
ဂန္ဒမာပန်းတွေစိုက်တာနှင့် “ဇာစ်မြစ်”၊“သုခမြို့တော်”၊
ကိုယ်ကျင့်အဘိဓမ္မာ” ၊“အခြေပြုပဌာန်းကျမ်း” ဆိုတဲ့
စာအုပ်တွေကို ပျင်းပျင်းနဲ့ပြီးအောင်ဖတ်ခဲ့တာ...နောက်..
ကဗျာအတိုအစတွေရေးဖြစ်ခဲ့တာ....။
ဦးကြင်ဥ ကိုအားကျတာနဲ့ရောပီး...ရည်းစားများတဲ့သူငယ်ချင်းတစ်ယောက်ကို
ဂုဏ်ပြုကဗျာလေးတပုဒ်...မှတ်မှတ်ရရရေးပေးဖြစ်ခဲ့တာ။
သူ့ရဲ့..ရှေးဟောင်းတွေထဲက..ဦးကြင်ဥခရေဇီ ....satire လက်ရာလေးအဖြစ် ပြန်တွေ့ရသည်။
နှစ်ပိုဒ်ရေးပြီး..ဒွေးချိုးဟု..ခပ်တည်တည်..သတ်မှတ်ပစ်လိုက်ဖူးသည်။
ဒါတွေက..သူရေးခဲ့သည့်သူ့သမိုင်းတွေဟုလည်း...သူကပြောင်ချော်ချော်ပြောနေလိုက်သေးသည်။

“ကိုဒဿအတွက် မှာတမ်း”
မျက်နှာများ ထားစရာမရှိလေတယ်
တခြုံကွယ် နှစ်မယ်မေ့ပါလို့
ဘ၀တို အချိန်လေးတွင်းမှာပ
ငရဲမကြောက် ကဲလွန်းလှပါတဲ့
ဖုန်းမောင့်သက်လှယ်။
ခင်လေးရယ် ချစ်ကြင်လှချည်ရဲ့
နှမချင်းရယ် သူမစာနာတတ်ပါလို့
ဖန်ဖန်လေ တီတာညုလို့ရယ်
ကာလများဝိပတ်တက်လေက
နောက်ဘ၀မှာ..“နပုန်း” သာဖြစ်ပေလိမ့်
မောင်ကြီးရယ်....
တွေးကြောက်ပါဦး။ ။
(သရ)

နောက်ပိုင်းတက္ကသိုလ်ရောက်တော့..သူ့ဘောင်တွေ..တော်တော်ကျယ်လာသည်။
မောင်ချောနွယ်၊သစ္စာနီ၊အောင်ချိမ့်၊ဖော်ဝေး၊အောင်ဘညို၊အောင်ဝေး၊
မြေလတ်မောင်မြင့်သူ၊

ကောက်နွယ်ကနောင် တို့၏အဖွဲ့အနွဲ့များတွင် သာယာခဲ့..၊
ဓနမဂ္ဂဇင်းမှာတစ်လတစ်ပုဒ်စောင့်ဖတ်ခဲ့ရသည့်မောင်ခိုင်မာကြီး၏
အထေ့အငေါ့တွေမှာ..ယစ်မူးခဲ့၊

နောက်ပိုင်း..မောင်သိန်းဇော်၊စိုင်းဝင်းမြင့်၊ဇေယျာလင်း၊
ပိုင်စိုးဝေ၊ဝေမှုးသွင်၊မင်းခိုက်စိုးစံ၊တာရာမင်းဝေ..
အားလုံးဝိုင်းကာဖွဲ့ကာ...အုံလိုက်ကျင်းလိုက်...သူ့ကိုဖမ်းစားခဲ့။ သူအမှန်အကန်ရူးသွပ်ခဲ့တယ်ဆိုတာ..“နားလည်ပေးပါပရိသတ်ကြီးရယ်” ပြောနေစရာမလိုတော့။

မြန်မာပြည်က..နာမည်ရမဂ္ဂဇင်းလေးတစ်စောင်တစ်လေမှာ..သူ့ကဗျာလေးတွေပါလာတာကို..
ကုလသမဂ္ဂမှာ အတွင်းရေးမှုးရာထူးခန့်ခံရသလို...သွေးနထင်ရောက်နေ့စွဲများ...
လူငယ်လေးတစ်ယောက်ရဲ့ဘ၀မှာ...ရှိခဲ့ဖုးပါတယ်ဆိုတဲ့ ကွမ်းထုပ်ကို..
သူ..လူရှုပ်တိုင်းဖြည်ချပြခဲ့ဖူးသည်။

သူ့ဝါးလုံးခေါင်းလေးနှင့်သူတော့...သူတော်တော်လေးသာခဲ့ရသည်ပဲလေ။

အများသူငါအတွက်..ပျင်းစရာကောင်းလိုက်တဲ့ဘ၀..ဆိုသော..ဘ၀တွင်..
သူပျော်ပျော်ရွှင်ရွှင်ကျန်းကျန်း
မာမာနေထိုင်ရှင်သန်နေသည်ကိုက..
သူ့အတွက်..နောက်..သူ့အမေအတွက်..နောက်..(ဒိထက်ပိုခမ်းနား

ပြရလျှင်) သူ့နိုင်ငံနှင့်လူမျိုးအတွက် (အခွန်အတုတ်တွေ..မကြာမီ လာမည်..မျှော်)...
အားလုံးအတွက်
သေချာလေးနက်သောအဓိပ္ပါယ်တစ်ခုရှိနေသည်။

ရက်တစ်ရာ့နှစ်ဆယ်စွန်းလာသောအခါ...သူသည်..
“စင်ကာပူတွင် ပျော်ပျော်ရွှင်ရွှင်နေထိုင်နည်း” ဆိုသည့်..
မဟာစာတမ်းကျမ်းကြီးတစ်ခုကို

အောင်အောင်မြင်မြင်ပြုစုရေးသားနိုင်ခဲ့သည်။ အနည်းဆုံးတော့...သူတစ်ယောက်စာအတွက်..မှန်ကန်ပြီးပြည့်စုံအောင်
သူပြုစုရေးသားနိုင်ခဲ့သည်ဟု..သူထင်နေသည်။

အများသူငါတို့၏ ဘ၀နေနည်း အနုပညာနှင့်...မည်ရွေ့မည်မျှကွာဟမည်ဆိုသည်ကိုတော့
...သူသေချာတပ်အပ်မပြောတတ်ချေ။
အလုပ်အကိုင်၊ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေးများပြေလည်နေစေရန်...အလုပ်ပိတ်ရက်များတွင်..
.မွှန်ထူနေသောအမွှေးတိုင်များဖြင့်
ကွမ်ယင်မယ်တော်ထံသွားဆုတောင်းပတ္ထနာပြုနေခြင်းထက်..
“စိတ်ကောင်းရှိဖို့ ပထမ” ဟူသော တောင်မြို့ဂါထာလေး
သုံးခေါက်ရွတ်ကာ..ဖုန်းပိတ်ပြီး
တစ်နေကုန်...သူအိပ်ရေး၀၀အိပ်နေလိုက်တော့သည်။ ဘ၀သည်...သူကိုယ်ပိုင်ဝယ်ထားသော...ချစ်စရာလောကီလေးတစ်ခု
သာဖြစ်ချေတော့၏။

သက်ရှည်ကျန်းမာ ထီပေါက်ကြစေသား။
All the best.
vowel
13 May 2010
(Four months in SG)

Tuesday, May 11, 2010

မီးပုံးပျံ






“ရာသီမသိ ပန်းနှင့်ညှိ” ဆိုသလို...ရာသီစာကဗျာဟောင်းလေးတစ်ပုဒ်ပြန်ရှာတွေ့တယ်။
ခက်တာက..အဲကဗျာလေးကိုတွေ့တဲ့ခုချိန်နဲ့တော့..ဘာရာသီမှ..မကိုက်ဘူး..ဖြစ်နေတယ်..။ ကျနော့်ထုံးစံအတိုင်းပဲ.. လုပ်ချင်ရာလုပ်ချလိုက်ပါတယ်။
ကျနော်..နေခဲ့ဖူးတဲ့နေရာတွေထဲမှာ...တောင်ကြီးကိုကျနော်အချစ်ဆုံး။ တောင်ကြီးက..လှလဲအလှဆုံး။ပျော်စရာအကောင်းဆုံးနဲ့...အပျော်ခဲ့ရဆုံးနေရာ..ဆိုပါတော့။
တောင်ကြီးမှာ..အစည်ကားဆုံးပွဲလို့ပြောလိုက်တာနဲ့..“တန်ဆောင်တိုင်” ဆိုတာကိုတော်တော်များများပြောနိုင်ကြပါတယ်။
တန်ဆောင်တိုင်မှာ..မီးပုံးပျံလွှတ်ပွဲ...ကျင်းပကြတယ်။ ပျော်စရာသိပ်ကောင်းတယ်။ပျော်ခဲ့ကြတယ်ပေါ့ဗျာ။
မီးပုံးပျံဆိုတဲ့နေရာမှာ..နှစ်မျိုး ပြိုင်ကြတယ်ဗျ။ တစ်မျိုးက“စိန်နပန်”။ သူက..မီးပုံးပျံကိုယ်ထည်ကြီးမှာ..
မီးပုံးသေးသေးလေးတွေနဲ့..စာလုံးဖော်..အရုပ်ပုံဖော်ပီး..ဒီတိုင်းအလှ..လွှတ်တင်ကြတယ်။ဘယ်အတိုင်း
အတာအမြင့်ထိ..ဘယ်လိုလှလှပပ တက်သွားတယ်..ဆိုတာကိုကြည့်ပီး..အမှတ်ပေးတယ်ပေါ့လေ။
နောက်တစ်မျိုးက...“ညမီးကျီ”။ သူကတော့..စိန်နပန်လို...ငြိမ်ငြိမ်လေးတက်သွားတာမဟုတ်ဘူးရယ်။
မီးပုံးပျံအောက်မှာ..ယမ်းအလေးချိန်ပေါင်းများစွာကိုခွေပီးချိတ်ထားတယ်...သတ်မှတ်အမြင့်ရောက်တာနဲ့
ညမီးကျီက...အသကုန်ပေါက်ကွဲလွင့်စင်ဖြာဝေပြတော့တာ။ ကျနော်တို့စကားနဲ့ပြောရရင်တော့..“၀ုန်း” တယ်ပေါ့လေ။ ကြယ်ပုံတွေဖြာဝေပြမယ်...ငွေငါးလေးတွေ...ခရုပတ်အ၀ိုင်းလေးတွေ...အဲလို..။
ပြောရရင်တော့ ရေလည်လန်းတယ်ပေါ့လေ။ညမီးကျီကလူကြိုက်ပိုများတယ်..သူကကြည့်ရတာ
ပို..စိတ်လှုပ်ရှားရတယ်။ လွှတ်ကွင်းထဲထိဆင်းကြည့်ကြတဲ့သူတွေကတော့...အဲဒီမီးပုံးပျံဘယ်လို...လှလှပပ
တက်သွားတယ်..ဘယ်လိုလှလှပပ စတင်ဖြာဝေပေါက်ကွဲပြတယ်ဆိုတာကို..အနီးကပ်ကြည့်ချင်လို့။
ကျနော်တို့အုပ်စုတွေက..အမြဲ..အဲဒီကွင်းမှာ။ အမှန်တော့နည်းနည်းကြောက်ဖို့ကောင်းပါတယ်။
လေအခန့်မသင့်ရင်...မီးပုံးကတခုခုချွတ်ချော်သွားရင်...အမြင့်တစ်နေရာရာမရောက်ခင်..ပျက်ကျတတ်ပါတယ်
သိန်းပေါင်းများစွာရင်းထားတဲ့မီးပုံးပျံ တစ်လုံး...ဘာမှ..လှပဖြာဝေပေါက်ကွဲလွင့်စင်ပြခွင့်မရဘဲ...
အလကားဆုံးရှုံးသွားရတဲ့အဖြစ်တွေကို...ကျနော်တို့တွေ..မျက်မြင်ကိုယ်တွေ့...ခံစားသိမြင်ခဲ့ရဖူးတယ်။

ကျနော်နေတဲ့နေရာက...မီးပုံးပျံပွဲကျင်းပနေတဲ့..တောင်ကြီးဆိုတဲ့တောင်ကြီးရဲ့အောက်ခြေက တောင်ခြေ
မြို့သစ်လေး။ လရောင်တွေဖြာဝေနေတတ်တဲ့..ဇလပ်ပန်းနံ့တွေသင်းပျံ့နေတတ်တဲ့...အေးမြမြလေးညင်း
တွေသုတ်ဖြူးနေတတ်တဲ့..ကျနော်နဲ့..“အသက်” ဆိုတဲ့..ကျနော့်သူငယ်ချင်းနဲ့..အရမ်းမက်မောရတဲ့...
ဝရံတာလေးတစ်ခုရှိတဲ့..အိမ်ငယ်လေးမှာ..ကျနော်နေပါတယ်။ အိမ်ထဲကဘုရားစင်အောက်မှာ...စာအုပ်တွေ
ရှုပ်ပွနေတဲ့..ပွယောင်းယောင်းစာအုပ်ဗီရိုတစ်လုံး...စားပွဲပေါ်မှာ...စိုင်းထီးဆိုင်တေးပေါင်းချုပ်..ထူးအိမ်သင်..
ခင်မောင်တိုး.“ဒီတခါစိတ်ကောက်သွားတဲ့မင်းရဲ့မျက်နှာ” ဆိုတဲ့..ပူစူး ရဲ့..ရန်ကုန်မရောက်ဖူးသေးတဲ့
ခွေကြမ်းထဲကသီချင်းတွေ၊ နံရံပေါ်မှာ..ဂစ်တာအို၂လုံး၊ အလည်လာတုန်းဆွဲပေးသွားတဲ့...သူငယ်ချင်း
မော်ဒန်ပန်းချီဆရာ ငသံ(သံလွင်) ရဲ့ စာရွက်ကြမ်းပေါ်..ကပျစ်ကညစ်ဖြစ်သလိုဆွဲသွားခဲ့တဲ့..သူ့ကယ်ရီကေးချား၊ စီးကရက်အစီခံတချို့၊ ကျနော့်ရေးလက်စ ကဗျာ..၀တ္တု...ဆောင်းပါး.သီချင်း...တောင်မရောက်မြောက်မရောက်စာရွက်....အပိုင်းအစ..တွေပွရှုပ်..။ အဲသလိုပါ။
“မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း” ဆိုတဲ့..မျက်မှန်အနက်တပ်လာတဲ့ကျောင်းသား
မိဘတော်တော်များများ..ကျနော်တို့အိမ်ကို...“လက်လန်” သွားကြတာများပါတယ်။ အနည်းဆုံးတော့နှာခေါင်း
ရှုံ့သွားကြပါတယ်။ ဒါကလဲ..သူတို့အခွင့်အရေးပဲမို့..ကျနော်တို့တွေကလဲ...ဒူးလေးနန့်ပီး..ဂစ်တာတီးမပျက်ခဲ့ပါဘူး။
“လာလည်တဲ့သူတွေကို..သီချင်းတွေ..ကဗျာတွေနဲ့ဧည့်ခံတယ်” ဆိုတဲ့အိမ်မျိုးထဲမှာ...ကျနော်နဲ့ အသက်နေခဲ့
တဲ့အဲဒီအိမ်လေးပါပါတယ်။ တကယ်ပျော်စရာကောင်းခဲ့တာပါ။
တန်ဆောင်တိုင်လို..ကာလကတော့...ဘာပြောကောင်းမလဲ။
အပျော်တွေစုဆုံလို့..တော်တော်များများပျော်ဖြစ်ကဲဖြစ်ကြတယ်ပေါ့လေ။
ဒါပေမဲ့...အဲလို..ပျော်စရာကောင်းတဲ့တန်ဆောင်တိုင်မှာပဲ...ပျော်စရာမကောင်းတဲ့ကဗျာလေးတစ်ပုဒ်ကို
တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့မှာကျနော်ရေးဖြစ်ခဲ့တာ..အကြောင်းနှစ်ချက်ရှိပါတယ်။ (ဟဲဟဲ...)

ပထမအကြောင်းက..ဘယ်လိုမှ..ဆက်စပ်လို့မရတဲ့ လမင်းဆီကိုမှ..ငါမီးပုံးပျံတွေ..လွှင့်တင်ခဲ့မိတာကိုး
လို့..လမင်းအင်္ကျီနဲ့စံပယ်ဖြူပွင့်လေးကို..တမ်းတတဲ့စိတ်...အဲဒီသိမ်ငယ်စိတ်ကလေးကိုပြန်ထူထောင်တည့်
မတ်ဖို့..ကဗျာတစ်ပုဒ်လောက်တော့..ရေးကောင်းတယ်ကွ..လို့တွေးမိတာ။ နောက်တစ်ခုက...ဂျူးရဲ့
“ညမီးကျီ” ဆိုတဲ့ဝတ္တုတိုလေး...အဲဒိတစ်လောထဲမှာဖတ်ဖြစ်ခဲ့တာ...။ အဲဒီလိုခိုင်လုံတဲ့အချက်နှစ်ခု..
ခေါင်းချင်းဆိုင်တိုက်မိသွားတဲ့ညမှာ..အဲလို..အဲလို..ဘာညာ..ပေါ့ဗျာ။ရေးဖြစ်သွားခဲ့တယ်။
ကဗျာစာအုပ်မှာ...ဒီကဗျာနဲ့ပတ်သက်လို့..မှတ်ချက်သုံးခုတွေ့တယ်။ အဲဒီခေတ်က လူတွေရေးခဲ့တာ။
လက်မှတ်နဲ့ နေ့စွဲနဲ့။ပြန်ဖတ်ရတာ..တော်တော်ပျော်စရာကောင်းတယ်ဗျ။
တစ်ယောက်က..စာရေးဆရာပို့စ်မော်ဒန် ကဗျာဆရာ “နရီမင်း”..ကဗျာကိုမှတ်ချက်တွေ..ပရပွပေးခဲ့တယ်။
နောက်တစ်ယောက်က..ကျနော့်မောင်နှမစာရင်းဝင်ခဲ့တဲ့..တစ်လောကမိန်းမရသွားတဲ့..ညီတော်မောင်
ကောင်စုတ်လေး..။ နောက်တစ်ယောက်က..ကျနော့်လမင်းအကျီနဲ့စံပယ်ဖြူပွင့်လေး။
ဟားဟား...မပျော်လို့ရေးထားတဲ့ကဗျာကို..ခုပြန်ဖတ်ရတော့..ပျော်နေမိပါတယ်။
ဒါပါပဲ...လူ့ဘ၀ဆိုတာကလဲလေ...နော့။



“မီးပုံးပျံ”


မျှော်လင့်ချက်မဲ့ ချစ်ခြင်းတရားတွေမှာ
ဘ၀မီးပုံးပျံတွေ တစ်လုံးပီးတစ်လုံးလွှင့်တင်ခဲ့မိ
အချစ်ဆိုတာ...လောင်စာပဲကွယ်
လူကို လည်ပတ်စေတယ်
လူကို ရပ်တန့်သွားစေတယ်။
အာကာသထိမရောက်နိုင်မှန်းသိရက်နဲ့
မင်းကိုမှ..ရွေးချယ်ခဲ့မိတာ
ကိုယ့်ဝဋ်ကြွေးပေါ့...ကြယ်ကလေးရယ်။
ဇာတ်လမ်းဆုံးရင်...မီးလောင်မယ်
နောက်ဆုံး..ကိုယ်ပြာကျသွားမယ်...ပေါ့။

မင်းအပေါ်တွယ်တာမှုတွေကို
လှလှပပ ပေါက်ကွဲပြဖို့
သေသေသပ်သပ်အဆုံးသတ်နိုင်ဖို့
စိန်နပန်တစ်လုံးထက်..
မျှော်လင့်ချက်တွေ..ပိုခဲ့မိပါတယ်။
သရ(၂၀၀၅ )






Saturday, May 8, 2010

“ပြန်ထွက်သွားတဲ့ကဗျာ”

(၁)
မဟာဇနက္က သင်္ဘောပျက်တာ
ဘယ်ပင်လယ်မှာလဲ ကွယ်
စိတ်နဲ့သွားတဲ့လမ်းပေါ်မှာ
မေခလာနဲ့လဲ...မဆုံခဲ့။
(၂)
သံယောဇဉ်...
တချို့တ၀က်ကို...လမ်းခင်းကျောက်အဖြစ်သုံးကြ
တချို့တ၀က်ကို...ကျဆိမ့်တခွက်ထဲ ထည့်ဖျော်သောက်ကြ
တချို့တ၀က်ကို...ငရဲသွားလက်မှတ်ဖြတ်လိုက်ကြ
လာ....
ပျော်ပျော်ရွှင်ရွှင်..တက်တက်ကြွကြွ
ဘယ်သူ့မျက်လှည့်ကြောင့်မှ
ကိုယ့်ဇာတ်မနာစေရ။
(၃)
နိစ္စဓူဝ...ပွဲစဉ်တွေ
အမြဲလွတ်လွတ်ကျွတ်ကျွတ်အသွင်းခံခဲ့ရ...ဂိုးတွေ
စနစ်တကျ ကန်ခဲ့ရက်နဲ့များ....
အချစ်က...
တိုင်ထိပီး...ပြန် ပြန်ထွက်သွားတာချည်း။
(၄)
နောက်ဆုံးတော့
အဲဒီကတိမ်းကပါး တွေက
ဘ၀ကို “ခွချက်” တည်ထားလို့
ငါ့ဘုရင်မ ကို ထိုးကျွေးလိုက်ရတယ်။
(၅)
ကဲ...
ပွဲပီးရင်...
ဂငယ်ကွေ့ ကွေ့ပြန်မယ်
ကိုယ့် tempo ကို...ကိုယ်ထိန်းမယ်
ရေအေးအေး တစ်ခွက်လောက် သောက်မယ်
စိတ်အေးအေး တစ်ပတ်လောက် ထားမယ်
ဒီလိုပဲ...(ဒူးလေးနန့်ပီး...)
ကဗျာတွေဖတ်မယ်။
ဝါးတားဖော်လို...ဖစ်ခ်ျဖောလို
ဘ၀ကတော့...အဲ့သလို။ ။ ။
သရ
(၈ မေ ၂၀၁၀)

Wednesday, May 5, 2010

AVIJJA PRESENTATION


ခုတလော..သူသိပ်နေမကောင်း။ မနက်ဆိုလျှင်..နွမ်းနွမ်းဖတ်ဖတ်ကြီးနိုးလာတတ်ပီး..ညနေဆိုလျှင်
နောက်ကျောဖက်ဆီမှ ထိုးထိုးအောင့်အောင့်နေတတ်သည်။
အစားလဲကောင်းကောင်းမစားနိုင်။အိပ်လျှင်လဲ... တညလုံးလဲအိပ်မက်ရှည်ကြီးများ ကို..
ကိုးရီးယားဇာတ်လမ်းတွဲများကဲ့သို့အခန်းဆက်မက်နေတတ်သောကြောင့်...အိပ်ရေးလဲ၀၀ မအိပ်နိုင်။ အိပ်တိုင်းလဲ..အိပ်မပျော်သဖြင့်..အလကားရသော..စည်းစိမ်ကိုပင်သူအလကားနေရင်းဆုံးရှုံးနေသည်။
(ဆုံးရှုံးနေရသည်ဟု ထင်နေသည်။) “လောဘ၊ ဒေါသ၊ မောဟတွေလျှော့မှပေါ့ကွ” ဟု...ဆရာကြီးလုပ်ချင်သူများ
ယခု...ထိုကဲ့သို့ဆင်ဆင်တူသောစကားလုံးများဖြင့်..သူ့အားဆရာကြီးလာလုပ်မည်ဆိုလျင်ပင်...သူသည်
ဆုံးရှုံးထားသော..အိပ်စက်ခြင်းများအတွက်...နွမ်းနယ်နေသောကြောင့်..ငြိမ်ခံနေမိတော့မည့်အခြေအနေသို့
ရောက်မှန်းမသိရောက်နေသည်။ “ငါတို့က ..လောဘနည်းတယ်..ရောင့်ရဲလွယ်တော့...အေးချမ်းတယ်လေ” ဟုဆိုလာသူများအား..သူဘာမှပြန်မပြောလိုပါ။
“ငါသည်အားကြိုးမာန်တက်ကြိုးပမ်းအားထုတ်ရသောအမှုကိစ္စများ
တွင်..အလွန်ပျင်းရိသူဖြစ်သည်”ဟု...ဗြောင်ဝန်ခံသူဆိုသည်မှာ...ကမ္ဘာပေါ်တွင်လက်ချိုးရေတွက်လို့ရကြောင်း...
သူ့စိတ်ကသိနေသောကြောင့်ဖြစ်သည်။

သူသည်ငယ်စဉ်ကလေးဘ၀ကတည်းကပင်..ဆရာဝန်များအပေါ်သူ့ကျန်းမာရေးကိုပုံအပ်ထားရခြင်းမျိုး
အတွက်..လုံးဝစိတ်မချ။မမှားသောရှေ့နေ မသေသောဆေးသမား...ဆိုသော်လည်း...မမှားသောဆေးဆရာ..
ဆိုသည်မှာလဲ..တော်တော်လေး..ရှာဖွေစိစစ်ရဦးမည့်အဖြစ် ဖြစ်ကြောင်း..သူငယ်ငယ်လေးကတည်းက..
နားလည်တတ်ခဲ့သည်။ထိုသို့...ဆေးဝါး ဆေးရုံ ဆေးခန်း ဆရာဝန်..စသူတို့နှင့်ကင်းကင်းရှင်းရှင်းနေနိုင်ခဲ့သော
သူသည်..ယနေ့တော့..အလုပ်ကအပြန်ဆေးခန်းဝင်ပြမည်..ဟူသော..စိတ်..ထူးထူးဆန်းဆန်းဖြစ်ပေါ်လာသည်။
ဆေးခန်းရောက်တော့...တုံကင်ယူပီးခဏစောင့်..လူရှင်းနေသဖြင့်..သူ့အလှည့်မြန်မြန်ရောက်သည်။

ဆရာဝန်က..ဘာဖြစ်သလဲပေါ့...ဘယ်လိုခံစားရသလဲ...ဘာတွေခံစားရသလဲ..ပေါ့။ သူကသူ့ကိုယ်သူ
'extrovert' သမားတစ်ယောက်ဟု..ခံယူထားသောကြောင့်...ဘယ်သူတွေ..
သူ့အကြောင်း..ဘယ်ချိန်လာမေးမေးအမြဲပွင့်ပွင့်လင်းလင်း..ပက်ခနဲပြန်ဖြေခဲ့တာများသည်။
ကဲ..ခုလဲ..မေးနေလေပြီ။ သူဖြေရတော့မည်...။
သူဘာတွေဖြစ်နေသလဲတဲ့။
သူဘာတွေခံစားနေရသလဲတဲ့။
သူဘယ်လိုတွေခံစားနေရသလဲတဲ့။

သူ့အာရုံတွေ..အရမ်းနိုးကြားလွန်းနေသည်။စိတ်ကြွဆေးသုံးထားသကဲ့သို့..အာရုံတွေကို..
အရမ်းကာရောမြင်နေရသည်။ သူပျော်ခြင်း၊ သူစိတ်ညစ်ခြင်း၊သူမပျော်ခြင်း၊ သူစိတ်ရှုပ်ခြင်း၊
သူစိတ်ပေါ့ပါးလန်းဆန်းနေခြင်း စသည်စသည်တို့...စက္ကန့်ပိုင်းလေးအတွင်း
ဖြတ်သန်းပြေးလွှားဖြစ်ပျက်နေသည်ကို..သူသိ သိလွန်းနေသည်။ အော်..တရားစခန်းမှာသာဆို..သူ့အတွက်
တော်တော်အကျိုးသက်ရောက်သွားနိုင်သည်။
ဒါကိုဘယ်လိုဆက်ရှု..ဘယ်လိုဆက်မှတ်..ဘယ်အရာ..ဘယ်လိုပေါ်လာတာကို..ဘယ်လိုမသာယာနဲ့...ဘယ်လို
ဆက်မှတ်..စသည်ဖြင့်..တရားပြဆရာတော်၏ အကူအညီဖြင့်သူတော်တော်လေး..ဆက်မှတ်သွားနိုင်လိမ့်မည်
ဟုလည်း..သူထင်နေသည်။(အထင်သာဖြစ်သည်..မသေချာလှပါ။)
သို့သော်..ယခု..သူ့မှာ..ထိုသို့မဟုတ်ခဲ့ပါချေ။အာရုံတွေနိုးကြားလွန်းနေမှန်းသိသော်လည်း...ကောင်းသောအာရုံ
ဆိုလျှင်..သူတော်တော်လေးသာယာတပ်မက်နေပီး..မကောင်းသောငယ်ဘ၀အိပ်မက်ဆိုးများဆိုလျှင်...သူမေ့
ချင်ပါသည်။ကောင်းသောအာရုံများတွင်သာ..သူ့စိတ်ကိုပို့လွှတ်ထားချင်ပါသော်လည်း...မကောင်းသောအာရုံ
တွေက..သူ့စိတ်ကိုပိုလွှမ်းမိုးနေသည်။ သူသည်..pessimist ...တစ်ယောက်များဖြစ်နေပြီလာဟု..ခုတလောသူ့
ကိုယ်သူလဲသံသယ၀င်နေသည်။ ဘေးပတ်ဝန်းကျင်ရှိလူတွေအပေါ်မည်သို့မျှ..အမြင်မပြောင်းလဲသော်လည်း
သူ့ကိုသူ..သူ့ဘ၀ကိုသူမြင်နေသည့်အမြင်တွေက..တော်တော်လေး..ဆိုးရွားသည့်ဖက်ကိုသာ..သူမြင်နေမိသည်။
ထိုသို့ဖြစ်နေခြင်းသည်..အခိုက်အတန့်မျှသာဖြစ်လိမ့်မည်ဖြစ်ပီး...အရာရာကိုကျော်လွှားလွန်မြောက်သော
တစ်နေ့တွင်..သူသည်မူလ..သူ့ဗီဇအတိုင်း အရာရာအပေါ်..ကျေနပ်လက်ခံတတ်သူတစ်ဦးအဖြစ်ပြန်လည်
ရပ်တည်နိုင်လိမ့်မည်ကိုသူ့စိတ်က သိနေသည်။ သို့သော်...လူပြောများသော..ဒီပရက်ရှင်ကျတယ်...စထရက်စ်
တွေသိပ်များတယ်ကွာ...ဆိုတာတွေကို..သူ့မသိစိတ်က..အားကျနေမိလေသလားတော့မပြောတတ်။
သူသည်သာမန်ကိစ္စလေးများကိုပင်လျှင်..သူ့ဘ၀ထဲတွင်..အရေးပါလွန်းနေသယောင်...ခံစားတွေးမြင်သုံးသပ်
နေမိသည်မှာ.တော်တော်လေးကြာသွားပီဖြစ်သည်။ထိုကိစ္စများနှင့်..သူ၏လက်ရှိအနေအထားအားလုံးကို အမှန်အတိုင်း ပထမဆုံးဖွင့်ပြောဖြစ်သူမှာ...ယခု..သူ့ရှေ့ရှိဆရာဝန်ပင်ဖြစ်သည်။

'Know Thy self' ဆိုသောစာသားမှာ..သူ့စာကြည့်စားပွဲနံရံမှာကပ်ထားသော..သူစိတ်မ၀င်စားခဲ့သည့်
စာသားဖြစ်သည်။သူဘာတွေကိုစိတ်ဝင်စားခဲ့သလဲ။ ဒီမေးခွန်းကိုသူ့ဘာသာပြန်မေးကြည့်သည်။ ဒီမေးခွန်းကိုကသူ့အတွက်..စိတ်ဝင်စားစရာကောင်းမနေပါချေ။သူသည် “အများကြီးစားလည်းပြန်အန်ထွက်ရုံပဲ”
ဟုဆိုကာ..အများတကာအပြေးအလွှားအမောတကောဒီဂရီတွေဆင့်ယူနေကြချိန်တွင်...သူကအချိန်အားလုံးကို
တန်ဖိုးရှိစွာ...ပေတေခဲ့သူဖြစ်သည်။သူသည် ဘ၀တစ်လျှောက်လုံးကို..စနစ်တကျရေလွဲလိုက်ခဲ့သူဖြစ်သည်။
“ကိုယ်စီးနေတဲ့မြင်း..အထီးမှန်းအမမှန်း..မသိလဲရတယ်” ဟု..သူ့ကိုသူတလွဲဆံပင်ကောင်းခဲ့သူလည်းဖြစ်သည်။
တခါတရံတွင်..အကျိုးလိုသောကြောင့်လာလောင်းသောညောင်ရေများကိုလည်း..တဂွပ်ဂွပ်မော့သောက်ခဲ့
သူဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်လည်ပုံပြတ်ပုံ အကွက်များကိုကြည့်ရင်း...နှစ်အကွက်နှင့်သုံးအကွက်ကြား “စပ်” ဆို
သောနေရာရောက်လျှင် သူရင်ခုန်လေ့ရှိသည်။ ဝေဒနာနှင့်တဏှာ....အားလုံး..နာနေမှတော့မကောင်းတော့ဟု
မြင်သူလည်းဖြစ်သည်။ “ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်” ဆိုသောစာသားမှာ ဇွန်ပန်းရုံအနီးကျွံနေသော
လှည်းဘီးအတွက်သာဖြစ်ပီး ခေတ်တစ်ခု..စနစ်တစ်ခု..အပြောင်းအလဲတစ်ခုခု အတွက်မှာမူကား “ပြိုင်တူတွန်း”
ရန်“လူမညီ” သည်ကများနေကြောင်းကိုလည်း.သူကကြီးကြီးကျယ်ကျယ်တွေတွေးပီး..
ရင်မောနေလေ့ရှိသူဖြစ်သည်။ဆရာ့ဆရာကြီးများကဲ့သို့..“ကျွန်ုပ်၏တစ်သက်တာမှတ်တမ်းများ” ဘာညာတွေကို အားကျသော်လည်း..တကယ့်လက်တွေ့တွင် “ကျွန်ုပ်၏ တစ်ပတ်တာအသုံးစာရင်းများ” ကိုပင်
ဖြောင့်အောင်မရေးနိုင်သူလည်းဖြစ်သည်။ဘာသာပြန်စာအုပ်များ..သူတစွယ်စုံများနှင့်.စာကြီးပေကြီးများဟု လူပြောများသောစာပေများကိုလေ့လာဖတ်ရှုရန်
ဝါသနာပါသော်လည်း..အိပ်ယာထဲတွင်စာဖတ်လေ့ရှိသောကြောင့်...ထိုစာအုပ်များကိုမနိုင်မနင်းဖြစ်ရသဖြင့်
နောက်ပိုင်းမဖတ်ဖြစ်တော့ပဲ...ပေါ့ပေါ့ပါးပါး..တင်အောင်နီ..ငွေကြည်..တွတ်ပီ..နှင့် သော်က ကာတွန်းများသာ
ရွေးဖတ်တတ်သူဖြစ်သည်။

သူ့အကြောင်း..တော်တော်များများ..ဆရာဝန်အားပြောပြအပြီးတွင်...ဆရာဝန်က သူ့အားငယ်ဘ၀အကြောင်း...မိသားစုအကြောင်းနှင့်..မိဘများအပေါ်သဘောထား..စသည်တို့ကို
စစ်စစ်ပေါက်ပေါက်ဆက်မေးသည်။

“ခင်ဗျားအဖေ ဟာလူတော်တစ်ယောက်ဖြစ်ရင်ဖြစ်မယ်..လူကောင်းတစ်ယောက်မဟုတ်ဘူး” ဟု
သူ လူတစ်ယောက်ယောက်အားပြောချလိုက်လျှင်..ထိုသူမှ..မည်သို့တုံ့ပြန်လိမ့်မည်ဆိုသည်ကိုသူစိတ်ဝင်စား
မိသည်။သူသည်တာဝန်မဲ့သောဖခင်များကိုအကောင်းမမြင်တတ်သူဖြစ်ပီး သူ၏မွေးသဖခင်ကိုတော့...အတတ်
နိုင်ဆုံးအကောင်းမြင်နိုင်အောင်ကြိုးစားတတ်သူဖြစ်သည်။ယခုလောလောဆယ်..သူကြားချင်နေသောစကားမှာ
အိပ်မက်ထဲမှာ..သူ့ဖခင်၏ သူ့အားပြစ်တင်မောင်းမဲသံများဖြစ်ပြီး...သူအ၀န်လေးဆုံးဖြစ်နေသည်မှာလဲ..ဖခင်ထံ
ဖုန်းတစ်ကော ခန့်ခေါ်လိုက်ရန်ပင်ဖြစ်သည်။ “ကျေးဇူးကြီးပေ..တို့ဖေဖေ.”.ဟူသော..စာစီစာကုံးခေါင်းစဉ်ဖြင့်မြန်မာစာဂုဏ်ထူးထွက်
ခဲ့သော...အလယ်တန်း..အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံးသည်...ယခုအခါ..မှုန်ဝါးသေးသိမ်သော
အတိတ်တို့အဖြစ်..ကျေးလက်ကအမေ့အိမ်လေးတွင်ကျန်ခဲ့လေသည်။ထိုအဖြစ်မှန်ကိုသူရင်ဆိုင်မိလိုက်တိုင်း...
သူကိုယ်သူတင်မိသော..အပြစ်တို့က..သူ့လူငယ်ဘ၀တစ်ခုလုံး သူ့နှလုံးသားကိုဆုပ်ညှစ်ထားပီး
မွန်းကျပ်ပိတ်လှောင်နေစေသည်။မိဘများ၏ကြည်လင်ရွှင်မြသောသာယာသည့်အိမ်ထောင်ရေးသည်..သားသမီး
တို့အား..မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေကာ..ပတ်ဝန်းကျင်အပေါ်ချစ်ခင်နှစ်သက်ယုံကြည်တတ်ပီးအကောင်းမြင်စိတ် ပိုများစေသည် ဟု..သူဖတ်ဖူးသည်။သူသည် လူတကာအား..ယုံကြည်ရန်ခက်ခဲသော အထူးသဖြင့် အိမ်ထောင်ရေးကိုမယုံကြည်သော..လူငယ်တစ်ယောက်အဖြစ်..အဆီအငေါ်မတည့်စွာ ရင့်ကျက်လာခဲ့သူဖြစ်သည်။

ဒေါင်းယောင်ဆောင်သောကျီးများ၊ ငါးမရရေချိုးပြန်ကြသူများ နှင့် ပွဲလန့်တုန်းဖျာခင်းတတ်သူများကို
စက်ဆုပ်တတ်သော်လည်း..သူကိုယ်တိုင်မှာမူ ဘယ်နေရာမှာမဆို ချော်လဲတိုင်းရောထိုင်ပစ်လေ့ရှိသူဖြစ်သည်။
တခါတရံနွမ်းနယ်နေသောနေ့ရက်များတွင်....ကျေးလက်ကအမေ့အိမ်လေး၏ ဆောင်းတွင်းမီးဖိုလေးနဘေး...
“လူ့အခွင့်အရေး” ၀ိုင်အရက်ကလေးတခွက်နှင့်အမေ့အိမ်နံ့လေး ရှုရှိုက်ခွင့်ရချင်နေတာချင်းတော့....အများ
တကာနှင့်သူ...အတူတူပင်ဖြစ်နေတတ်သည်။ ကဗျာစာအုပ်များကိုဝယ်ယူစုဆောင်းရတာဝါသနာပါသော
ကြောင့်..သူတွင်စုမိဆောင်းမိရှိသမျှမှာ...ကဗျာစာအုပ်များသာဖြစ်နေပီး..အခြားဘာမှ..ကိုယ်ပိုင်မရှိသော
သူလည်းဖြစ်သည်။သူသည်...“စု-တု-ပြု” ဆိုသော စာသားလေးအားတော်တော်လေးသဘောကျဖူးသဖြင့်
သူ့ကဗျာစာအုပ်စင်လေးတွင်..ရေးကပ်ထားသည်။ သို့သော်..သူသည်...“လမ်းဖြစ်အောင်မသွားတတ်ခဲ့သော
ဆင်တစ်ကောင်”မျှသာဖြစ်ကြောင်းလဲ....သူ့ကိုသူသိနေသေးတော့သည်။

ထို့နောက်တော့...ဆရာဝန်က..သူ့အား...ယခုတလောအတွေးများသောအတွေး...နောက် ဘာတွေကို..
စိတ်ပူနေတတ်သလဲ..ဘာတွေကို...ဘယ်လိုတွေးမိနေသလဲ...ဆက်မေးသည်။

သူစိတ်ပူနေသော..သူစိတ်ထဲတွင်အမြဲတွေးနေမိသော..သူစိတ်မချလက်ချဖြစ်နေသော..အရာတို့မှာများ
ပြားလွန်းလှချေသည်။ အမှန်စင်စစ်..ဖြစ်ချင်မှဖြစ်မည်..မသေချာသော်လည်း...ယခုသူစိတ်ပူပန်နေသည်
ကတော့သေချာနေသည်။ သူစိတ်ပူနေသော ကျေးလက်မှ..မိဘမောင်ဘွားများနှင့် ကုန်ဈေးနှုန်းတရိပ်ရိပ်ကြီးမြင့်မှုသည်၎င်း၊ သူစိတ်ပူနေသော အန်အလ်ဒီနှင့်အန်တီစုသည်၎င်း၊ သူစိတ်ပူနေသောအလုပ်အကိုင်ကောင်းရရှိရေး၊ လစာတိုးမြင့်ရေး၊ ပညာဆက်လက်သင်ကြားရေး၊
အနောက်နိုင်ငံများသို့သွားရောက်လည်ပတ်နိုင်ရေး စသည်တို့သည်၎င်း၊ယခုလောလောဆယ်...
သူရေးနေသောဘလော့ကိုလာရောက်ဖတ်ရှုသူများမှ..သူ့အားပစ်ပစ်နှစ်နှစ်ဝေဖန်ကြမည်
ကိုစိုးရိမ်နေခြင်းသည်၎င်း၊ထိုသို့ဝေဖန်ရန်ပင်..၀င်ရောက်လည်ပတ်အားပေးဖတ်ရှုခြင်းမပြုကြမည်ကိုစိုးရိမ်
နေခြင်းသည်၎င်း၊ အဓိက ကဘာလဲ..သာမညက ဘာလဲ..သဲအင်းဂူကဘာလဲ..စသည်..စသည်ဖြင့်..အချို့နေရာ
များတွင်မလိုအပ်ဘဲအလွန်အမင်းအတွေးချော်နေခြင်းများသည်၎င်း၊ ....၄င်း၊ ....၄င်း၊ ထိုထို များပြားလှစွာသော
၎င်းများစွာတို့ကို၎င်း၊ သူတော်တော်လေး...စိတ်ပျက်နေသည်။ ကြာတော့သူ့ကိုသူတော်တော်လေး...စိတ်ပူ
လာသည်။တစ်ခုခုတော့တစ်ခုခုပဲ..ဟုဆိုတာ..ဘာမှန်းမသိသောတစ်ခုခုကို...စိုးရိမ်နေသောစိတ်ကို..စိုးရမ်နေရ
ပြန်ကြောင်း....ဆရာဝန်ကို..သူအကုန်အစင်ပြောပစ်လိုက်သည်။

သူကချည်းစကားများကိုတရပ်စပ်မရပ်မနားပြောခဲ့ရသောကြောင့်..သူတော်တော်လေးမောပမ်းသွား
သည်။ သို့သော်..သူ့စိတ်ထဲတွင် တော်တော်လေးတော့ပေါ့ပါးလန်းဆန်းသွားသလို..ခံစားမိသည်။ ဒါကိုလဲ
ဆရာဝန်ကို သူပြောဖြစ်အောင်ပြောပြလိုက်သေးသည်။ “တော်တော်လေးပေါ့ပါးလန်းဆန်းသွားတာပဲ”။
“တော်တော်လေး နေလို့ကောင်းသွားတာပဲ” ဟုဆိုကာ..သူဆေးခန်းမှ...ပြန်ထွက်လာခဲ့တော့သည်။
ဆေးခန်းပေါက်အ၀ရောက်မှ..သူဆရာဝန်အား...ကျေးဇူးတင်စကားပြောရန်မေ့ခဲ့ကြောင်းသတိရလိုက်သဖြင့်
သူနောက်ပြန်လှည့်ကာ...ကျေးဇူးတင်စကားပြောရန် ဆရာဝန်ကိုသေချာကြည့်လိုက်သည်။ ထိုအခါ...
ဆရာဝန်မှာ...သူနှင့်ခွဲမရအောင်ချွတ်စွပ်တူနေသော...သူကိုယ်တိုင်ပင်...ဖြစ်နေသည်ကို..သူအထိတ်တလန့်
တွေ့လိုက်ရပါတော့သည်။ ။ ။





သရ
( ၆ မေ ၂၀၁၀)
ရာသီပူလောင်အိပ်မရညများထဲမှ....စိတ်ကူးတည့်ရာ..ခံစားမိသမျှ တို့ကိုဆွဲထုတ်
“အ၀ိဇ္ဇာတင်ဆက်မှု”အဖြစ်...ချပြကြည့်လိုက်မိပါတယ်။


Sunday, May 2, 2010

Not allow to call this poem is 'Love poem'






“အောက်ဖော်ပြပါ..အရေးအသားများအား
.....မည်သူမျှ
အချစ်ကဗျာ ဟုဖွင့်ဆိုခြင်းမပြုရ”



(၁)
ကဗျာလေးတစ်ပုဒ်က
ကဗျာလေးတစ်ပုဒ်ကို ချစ်တယ်ဆိုတာ..
ဘယ်ရာဇသတ်ကြီးငယ်အသွယ်သွယ်နဲ့မှ..ငြိစွန်းမနေပါဘူးကွယ်။
ကဗျာလေးတစ်ပုဒ်က
ကဗျာလေးတစ်ပုဒ်ကိုချစ်ရတာ...
အင်းလျားကန်ထဲရေဆင်းကူးရသလောက်ကြောက်နေစရာမလိုပါဘူး။
အချစ်မှာမျက်စိမရှိဘူးတဲ့။
သေလိုက်ပါတော့လား...အကန်းကောင်တွေရယ်..
ငါ့အချစ်မှာ...“မျက်စိ”
အတိအကျ ..ရှိခဲ့တယ်။

(၂)
လူပြောများတဲ့ ခေါင်းစဉ်အောက် ပေါ်ပြူလာဖြစ်ရုံဝင်ခဲ့တာလား
လူကြိုက်များတဲ့ ရုပ်ရှင်ကား ခေတ်မီရုံကြည့်ခဲ့တာလား
အချစ်က..မဖိတ်ခေါ်ဘဲ..၀င်လာတဲ့“လေညင်းလေး” ပါကွယ်။
ငါ့မြို့ရိုးကို ငါ့ခံတပ်တွေ အထပ်ထပ်ကာလို့
ငါ့နန်းတော်က ငါ့ဘုရင်ဟာ..ငါကိုယ်တိုင်ပဲ...ခေတ်အဆက်ဆက်။
ခုတော့..ငါ သိမ်းပိုက်ခံရပီလား
ကျူးကျော်ခံလိုက်ရတာလား
ငါ့အင်ပါယာကို
ဘယ်ကဗျာတစ်ပုဒ်က ကိုလိုနီပြုသွားတာလဲ
ဒါကို မင်း.(ကြုံရင်..)ဖြေခဲ့စေချင်ပါတယ် အချစ်ရယ်။

(၃)
ခက်တာက..“ဖူးစာ” ပဲ
နတ်ဆိုးတွေ ကျိန်စာမိနေတဲ့
“တစ်သက်မညားကြေးဖူးစာ” မျိုးလေ။
ကိုယ့်ရွေးချယ်မှုက ကိုယ့်ဘ၀ဆိုပေမဲ့
ဒီဖူးစာက..ကိုယ့်ဘောင်တွေကိုရိုက်ချိုးသွားတာပဲ။
ပိုပီးခက်နေတာက....“ငါ့အချစ်” ပါ အချစ်ရယ်
ကဗျာတစ်ပုဒ်က ကဗျာတစ်ပုဒ်ကို
လှလှပပ မေတ္တာသက်ဝင်တာ
ဒီဘဒ္ဒ ကမ္ဘာရဲ့ တော်ဝင် မဟာမှုပြုခြင်းကြီး..တစ်ရပ်ပါပဲ။

(၄)
တံစက်မြိတ်အောက်က တစ်စက်ချင်းကျရေကိုစောင့်ခံရသလို
ဘ၀အဆက်ဆက် ဒီကော်နက်ရှင်တွေမှာ..
ငါတို့..ဂလိုဘယ် မလိုက်ဇေးရှင်းနိုင်သေးတာတော့
ငါ့ကံပေါ့အချစ်ရယ်
ငါပြုခဲ့သမျှ “မ၀ရေစာကျွေးမှု” အကုသိုလ်လို့
ငါသဘောပိုက်ပါတယ်နော်။

(၅)
ဗန်ဂိုးက သူ့ကိုမချစ်တဲ့ သူ့ချစ်သူကိုလေ
“နင်မချစ်တော့လဲ နင့်ကိုငါကပဲ..နင့်အတွက်ပါ...
နှစ်ယောက်စာချစ်ပါ့မယ်” တဲ့။
သိပ်လှတဲ့ကဗျာတွေက..“အချစ်” ကလာတာဆိုပဲ။
သွက်သွက်ခါအောင်ရူးကြတာ..နည်းတောင်နည်းသေးနော်။

(၆)
“ငါ့အဖို့မှာမူကား..
အချစ်သည် သေခြင်းနှင့်အမျှ
တန်ခိုးကြီးပါပေ၏” ဆိုလား
ရာဘင်ဒြာကြီး. ..ရူးသွပ်ခဲ့ကြောင်း....သက်သေတွေလေ
သေခြင်းတောင်ကြောင်တောင်တောင်ဖြစ်ရတယ်
သူ့ပြိုင်ဖက်ကို မြင်ပြင်းကတ်လို့။

(၇)
၁၉၈၀ ခုနှစ်ကနှင်းဆီလေ
ခုမှငွားငွားစွင့်စွင့်ပွင့်ရရှာသတဲ့
ငါရှာနေတာ ငါတွေ့ခဲ့တယ်
ငါလိုချင်တာ ငါရခဲ့တယ်
အချစ်ကိုတွေ့တာဟာ..ငါ့ကိုယ်ငါ တွေ့တာပါပဲ...အချစ်ရယ်။

(၈)
ဘုရားသခင်ရဲ့လက်ဆောင်ကို
အဆုံးစွန်ထိငြင်းဆိုနိုင်ရင်
ဟောဒီကဗျာဟာလေ...
အထပ်ထပ်လျှော်ဖွပ်သန့်စင်ထားတဲ့...၀ါဂွမ်းလေးတစ်စိုင်ပါကွယ်။
ပလေတိုးနစ် ဆိုတာကြီးကို
ကမ္ဘာတစ်သိန်းတိတိ..ပါရမီဖြည့်ပါ့မယ်။
“ချစ်ခြင်းမေတ္တာ”ဟာ ငါ့ကို
အဲသလို..အဲသလို မြင့်မြတ်စေခဲ့တယ်
ပြိုင်မျဉ်းတွေကို..ချိုးမကွေးကောင်းဘူး
သိပ်လှတဲ့အနုပညာကို “ကမ္ဘာမှုပြုခြင်းတေးသွား” အလိုက်နဲ့ဆိုကြမယ်
အချစ်နဲ့ ကိုယ်ဟာ..“ကမ္ဘာကြီးပါကွယ်”။

(၉)
ပုထုဇဉ်တစ်ယောက်ရဲ့ အ၀ိဇ္ဇာ-တဏှာ မှာ
ပစ္စုပ္ပုန် အကြောင်းတစ်လွှာ ရဲ့သမုဒယသစ္စာ မှာပဲ
“ရွှေလက်တွဲလို့ချစ်ပွဲဝင်” ဇာတ်ထုပ်က
ထီပေါက်ပီး...လက်မှတ်ပျောက်ခဲ့ရပါတယ်.ကွယ်။
ရင်နာတယ်လို့..ခဏခဏ မညည်းပါနဲ့ကွဲ့
ဒါ ငါတို့ရွေးတဲ့လမ်း..
ကြမ်းချင်လဲကြမ်းပလေ့စေပေါ့။

(၁၀)
အိပ်မက် ၃၀
ရာသီပူလောင် အိပ်မရ ညတာရှည်များ
တယ်လီဖုန်းထဲက မင်းရယ်သံလေးကို
ငါ့ဒက်စတော့ပေါ် ဖိုဒါသီးသန့်ဆောက်သိမ်းထားတယ်။
ကမ္ဘာတစ်ဖက်က မင်းရင်ငွေ့ကို
သာမန်ဆန်တဲ့ common sense နဲ့
မြင့်မြတ်လွန်းတဲ့ မြတ်နိုးသိနဲ့
ဒိဌိကိုအတင်းခွာ ခွာချနေရတဲ့
ငါ့ရှိစုမဲ့စု တရားသိလေးနဲ့ ခိုလှုံ...
ငါ့ရှေ့က သံသရာ ကို
ငါ့အချစ်နဲ့ပဲ စိတ်လိုလက်ရ ဆွဲဆန့်နေမိခဲ့
ဒိုင်ရာမီတာ ကလဲ..အီလက်စတစ်လေ။

(၁၁)
စိုက်တဲ့သစ်ပင်တိုင်းရှင်ဖို့အရေးကြီးတယ်
သစ်ပင်တွေ..မခုတ်ဖို့အရေးကြီးတယ်
ပုံမှန်ရေလောင်းပေါင်းသင်ဖို့...အရေးကြီးတယ်
စိုက်တဲ့အပင်တိုင်းအသီး သီးပီး
သီးတဲ့အသီးတိုင်း..ချိုမြိန်ပါစေ..အချစ်ရယ်
ငါကလဲ...
ငှက်တစ်သောင်းစာအတွက်
အခက်အလက်တွေ..ဝေဖြာပစ်လိုက်ဦးမယ်လေ။

(၁၂)
စိတ်နဲ့ပဲသွားရတဲ့လမ်းကလေးက ကျဉ်းလိုက်တာ
“ချစ်ခြင်းမေတ္တာ”
“နားလည်မှု”
“ပေးဆပ်ခြင်း”
ငါ့မှာ ရိက္ခာလုံလောက်ခဲ့ပါတယ်။


vowel
(Third May 2010)