ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Wednesday, May 12, 2010

“ကိုယ်ပိုင်လောကီ”

သူသည် မနူးမနပ်ချာတိတ်လေးတစ်ယောက်မဟုတ်တော့ကြောင်း
အပူတပြင်းသက်သေပြနေစရာ မလိုတော့ရ လောက်အောင်..သူရင့်ကျက်ခဲ့ပြီဖြစ်သည်။
“ကိုယ်စီးလာသောမြင်း အထီးမှန်းအမမှန်း သိရှိနားလည်” ခဲ့ပြီဖြစ်သောကြောင့် ကျေးလက်က..သူ့အမေအိမ်လေးတွင်..
မကြာမီ မိုးဥတုရောက် တော့မည်ဖြစ်သည်။

အမေ့ခြံဝန်းလေးထဲမှ..တစ်နွေလုံးခြောက်သယောင်းခတ်နေသော
နှင်းဆီပင်ရိုးတံလေးမျာ
ပြန်လည် စိမ်းစို ဝေဖြာကြတော့မည်ဖြစ်ကြောင်း..သူကတိပေးခဲ့သည်။
“ဆင်ဖမ်းမယ်..ကျားဖမ်းမယ်” ဟုဆိုကာ...အမေ့အိမ်မှ
ကျောပိုးအိတ်တစ်လုံးနှင့်သူဆင်းခဲ့ပါသည်။
စိတ်မှန်းဖြင့်ဆောက်ခဲ့သောတိုက်အိမ်သည် လေထဲတွင်
ပျက်ပြယ်မသွားရအောင် မိုးပျံပူဖောင်းများနှင့်
ကျောက်ဆူးကြီးကြီးများ..များများစားစားဝယ်ယူ စုဆောင်းထားလိုက်သည်။
အခက်အခဲအားလုံးကို စိန်ခေါ်နိုင်သော..ဘ၀င်တစ်မျိုးဖြင့် သွေးနထင်
ရောက်နေသော်လည်း...သူ့အား..“စိတ်ကြွရောဂါဝေဒနာ
သည်” ဟုစွပ်စွဲပစ်လိုက်ရမှာ...အားနာစရာကောင်းရလောက်အောင်
..သူက “ယောနိသော မနသီကာရ” ကို
တွင်တွင်သုံးလေ့ရှိသည်။

တစ်ရက်အတွင်းအာဏာသိမ်းသွားသော..ဟိုနိုင်ငံမှ..ဟိုအန်တီကြီးကို အားကျသော် လည်း “ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်ရုံမှန်းစမ်း” ဟူသောသူ့အမေစကားကြောင့် အမေ့ဆန်အိုးလေး.. ဆန်ပြည့်နေစေရေးအတွက်သာ.
.သူ...သူရဲဘောကြောင်စွာ မြွေစွယ်ကျိုးနေထိုင်တတ်ခဲ့သော်လည်း

နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဆိုသည့်ဦးတည်ချက် (၁၂) ရပ်ကို..
မြန်မာဗွီဒီယိုကြည့်တိုင်း သတ္တိရှိရှိ

သူကျော်ပစ်ခဲ့လိုက်သည်။
သူ့မှာလည်း...သူ့ကိုယ်ပိုင် road map နှင့်သူပဲ။


“အနောက်တောင်မုတ်သုန်လေ” တို့ “မြောက်ပြန်လေ” တို့..
တင်စားဖွဲ့နွဲ့ဖွယ်ရာမဲ့သော ရာသီဥတုမဲ့
ကျွန်းကလေးပေါ်သို့သူရောက်ရှိခဲ့သည်မှာ..နာရီပေါင်း
နှစ်ထောင့်ရှစ်ရာကျော်ရှိပေပြီ။ တစ်နာရီ ညီမျှခြင်း
ငွေတစ်ဆယ် နေ့ရက်များ ကိုခါးသီးသော်လည်း
ဒါဟာသူ့ကံကြမ္မာကသူ့ကို ထိုးလိုက်သော ညာဝိုက်လက်သီး
ချက်မှန်း သိနေသောကြောင့် သူမေးထိုးပီး အသာတကြည်ငြိမ်ခံနေလိုက်သည်။
သူ့ဘ၀သည် မြ၀တီရုပ်မြင်
သံကြားလို နောက်တစ်နေ့အစီအစဉ်ထိုးစရာမလိုအောင် ထပ်နေသည်။“ယမန်နေ့များအတိုင်းသာ” ဟု
လိုရင်းတိုရှင်း ပြောထားလို့ရနေသည်။
သွားနေကျလမ်းများတွင်လည်း သွားရင်းလာရင်း..အသက်သာကြီးသော်လည်း..အချိန်မစီးသေးသောသူများ
နှင့် အသက်မကြီးသေးသော်လည်းအချိန်စီးနေသောသူများ..ကိုဖြတ်သွားဖြတ်လာတွေ့ဆုံခဲ့သည်။ ဖြူစင်မြင့်
မြတ်လှသောကဗျာလေးတပုဒ်ကိုလည်း...အမှတ်မထင်ကောက်ရခဲ့ကာ...ပါရမီယောင်ဆောင်ပြီး..
တိတ်တိတ်လေးလွမ်းလိုက်ရသေးသည်။ဘာပဲဖြစ်ဖြစ်..ဘ၀သည်..
တန်ရာတန်ကြေးပေးဝယ်ထားရတာသော...ကိုယ်ပိုင်လောကီတစ်ခုပင်ဖြစ်သည်။

သီဟပူရကျွန်းငယ်လေးတွင်..သူအတန်တန်မက်သောအိပ်မက်မှာ...တစ်ခုထဲသာဖြစ်ဖြစ်နေတတ်သည်။
မနက်မိုးလင်းလို့..ရုပ်မြင်သံကြားဖွင့်လိုက်တာနှင့်..မဲဆွယ်သီချင်းသံများစီဝေနေသောအိမ်တွင်...သူ့အမေ
ကြော်ပေးသောပဲပြုတ်ထမင်းကြော်ပူပူလေးကို..
လက်ရွေးစင်လက်ဖျော်ကော်ဖီကျကျတစ်ခွက်နှင့်သတင်းစာဖတ်
ရင်း...နေပူစာလှုံရင်း အမေ့နှင်းဆီခင်းလေးနဘေးတွင် သူ့မနက်စာကိုစိမ်ပြေနပြေထိုင်စားနေသည်။
ဘေးတွင်တညောင်ညောင်လာအော်နေသောပူစီလေးနှင့်
...ခြံထောင့်ထင်းရှုးပင်ဖားဖားကြီးပေါ်မှာ..စာကလေးသံများ စီလောင်လို့။..ဒါဟာ..ညပေါင်းတစ်ရာ့နှစ်ဆယ်လုံး...သူအထပ်ထပ်ပြန်မက်နေတဲ့...
အခုတလောခေတ်စားနေသောသူ့အိပ်မက်ဖြစ်သည်။အမှန်တော့...
သူ့သူငယ်ချင်းတော်တော်များများလည်း..ဒီလိုအိပ်မက်မျိုးတွေ..
မက်ရလွန်းလို့...ကြာတော့ရိုးတောင်နေဘီဟေ့..ဆိုတာမျိုးလဲဖြစ်နေနိုင်သည်..ဟု..သူတွေးနေမိသည်။

ဘ၀သည်ငြီးငွေ့ဖွယ်ကောင်းလွန်းလှသည်...ဟု...သူတစ်ကြိမ်တစ်ခါမှ..မတွေးမိဖူး။
ဘ၀ကို..ဘ၀ဟုပဲသူမြင်သည်။ သူသည်လည်း..သူပဲပေါ့။ သူသည်...သီဟပူရတွင်...သာမန်မြန်မာတစ်ယောက်
သာဖြစ်သည်။ ဦးသန့်လိုကမ္ဘာကျော်ထူးထူးခြားခြားမြန်မာတစ်ယောက်မဟုတ်ခဲ့ပါချေ။
သူလိုကိုယ်လို..အလုပ်လုပ်..သူလိုကိုယ်လို..
နေထိုင်ကျင်လည်နေပြီး..သူ့လောက်ကိုယ့်လောက်သာရည်မှန်းချက်ရှိသည့်
သာမန်မြန်မာစစ်စစ်တစ်ယောက်သာဖြစ်သည်။ သူလိုကိုယ်လိုကိုယ်ပိုင်
ဘလော့လေးလုပ်ကာ
..သူလိုကိုယ်လိုကဗျာတွေစာတွေ လျှောက်ရေးပြီး..
သူ့လောက်ကိုယ့်လောက်သာခံစားတတ်သော..
သာမန်လူငယ်တစ်ယောက်သာဖြစ်သည်။

ယခုတစ်လောတော့...ကဗျာတွေချည်းသာလှိမ့်ဖတ်နေပြီး...
ဖတ်သမျှဘယ်ကဗျာကိုမှလဲ..ကောင်းကောင်း
မမှတ်မိဖြစ်နေသည်။
အရင်ကတော့..ဒီလိုမဟုတ်။ တစ်ခါဖတ်ကြည့်လိုက်ပီး..သူကြိုက်သွားသောကဗျာတစ်ပုဒ်ကို..
.နောက်တစ်ခါပြန်ဖတ်လိုက်ရုံနှင့်...သူအလွတ်ရသွားတတ်သည်။
ဘယ်တော့မှမမေ့တော့...နှလုံးသားထဲစွဲနေသည်။ သူကဗျာစဖတ်တော့...နှစ်တန်း...။
ဒီလိုပြောတော့...
သူငယ်ချင်းတွေက..“ပိုလိုက်တာဟယ်...မဖြစ်နိုင်တာကြီး”..ဟုဆိုကြသည်။ “အိုဘယ့်ဘယ်...အိုဘယ့်သမီးတော်...ရွှေလှော်သွန်းပုံဆင်း” သူတော်တော်လေးစွဲလမ်းခဲ့ရသည်။
ဘုရင့်သမီးတော်လေးတွေ၏ အလှကို...အဲသလိုတင်စားဖွဲ့နွဲ့ကာ
မျက်စေ့ထဲ..တ၀ဲဝဲမြင်လာအောင်...စာသားအနည်းငယ်နှင့်
ရေးသားတင်ပြသည်ကို..အလှဘွဲ့ကဗျာဟု...ခေါ်သည်...တဲ့။သူငယ်ငယ်လေးကတည်းက ကဗျာရူးစာရူးလေးဖြစ်ခဲ့သည်။အတန်းစဉ်တိုင်းတွင်..
ဘယ်ဘာ
သာမှာမှ..ဂုဏ်ထူးမထွက်ခဲ့ဖူးသော..
သူ့ယူနီဗာစီတီအယ်ဂျူကေးရှင်းလိုက်ဖ်သည်..ကျောင်းလိုင်ဘရီရှိ...
၁၉၈၀-၂၀၀၀ နှစ်နှစ်ဆယ်စာမဂ္ဂဇင်း အမျိုးအစားပေါင်းများစွာမှ..
ကဗျာဖြတ်သန်းမှုများထဲနစ်မြှုပ်ပျောက်ဆုံးလုနီးပါးဖြစ်ခဲ့သည်။သူသည်..
ထိုကဲ့သို့..တလွဲဆံပင်ကောင်းရာ
တွင်..အလွန်ထူးချွန်ခဲ့သူဖြစ်သည်။

သူ ရှစ်တန်းလောက်ကတည်းက...အားကျခဲ့ရသော...satire
ကဗျာဆရာကြီးမှာ..ဦးကြင်ဥ ဖြစ်ပီး
သူ့ကိုအားကျသဖြင့်...သူ့လို..စတိုင်ယားတွေလဲ.
.တုပရေးသားခဲ့ဖူးသည်။ ဒွေးချိုး..တြိချိုး..လေးချိုး..တေးထပ်
တွေဘာတွေ...ဖြစ်မလာသော်လည်း...၄-၃-၂-၁ တွေဘာတွေ.
.ကာရံမညီခဲ့သော်လည်း...သူ့အတိုင်းအတာ
နှင့်သူတော့..တော်တော်လေးကျေနပ်ခဲ့မိသည်။ ဆယ်တန်းပြီးတော့..
ယောင်တောင်ပေါင်တောင်ကာလတွေမှာ
အထင်ကရလုပ်ဖြစ်တာဆိုလို့...ခြံထဲမှာ
ဂန္ဒမာပန်းတွေစိုက်တာနှင့် “ဇာစ်မြစ်”၊“သုခမြို့တော်”၊
ကိုယ်ကျင့်အဘိဓမ္မာ” ၊“အခြေပြုပဌာန်းကျမ်း” ဆိုတဲ့
စာအုပ်တွေကို ပျင်းပျင်းနဲ့ပြီးအောင်ဖတ်ခဲ့တာ...နောက်..
ကဗျာအတိုအစတွေရေးဖြစ်ခဲ့တာ....။
ဦးကြင်ဥ ကိုအားကျတာနဲ့ရောပီး...ရည်းစားများတဲ့သူငယ်ချင်းတစ်ယောက်ကို
ဂုဏ်ပြုကဗျာလေးတပုဒ်...မှတ်မှတ်ရရရေးပေးဖြစ်ခဲ့တာ။
သူ့ရဲ့..ရှေးဟောင်းတွေထဲက..ဦးကြင်ဥခရေဇီ ....satire လက်ရာလေးအဖြစ် ပြန်တွေ့ရသည်။
နှစ်ပိုဒ်ရေးပြီး..ဒွေးချိုးဟု..ခပ်တည်တည်..သတ်မှတ်ပစ်လိုက်ဖူးသည်။
ဒါတွေက..သူရေးခဲ့သည့်သူ့သမိုင်းတွေဟုလည်း...သူကပြောင်ချော်ချော်ပြောနေလိုက်သေးသည်။

“ကိုဒဿအတွက် မှာတမ်း”
မျက်နှာများ ထားစရာမရှိလေတယ်
တခြုံကွယ် နှစ်မယ်မေ့ပါလို့
ဘ၀တို အချိန်လေးတွင်းမှာပ
ငရဲမကြောက် ကဲလွန်းလှပါတဲ့
ဖုန်းမောင့်သက်လှယ်။
ခင်လေးရယ် ချစ်ကြင်လှချည်ရဲ့
နှမချင်းရယ် သူမစာနာတတ်ပါလို့
ဖန်ဖန်လေ တီတာညုလို့ရယ်
ကာလများဝိပတ်တက်လေက
နောက်ဘ၀မှာ..“နပုန်း” သာဖြစ်ပေလိမ့်
မောင်ကြီးရယ်....
တွေးကြောက်ပါဦး။ ။
(သရ)

နောက်ပိုင်းတက္ကသိုလ်ရောက်တော့..သူ့ဘောင်တွေ..တော်တော်ကျယ်လာသည်။
မောင်ချောနွယ်၊သစ္စာနီ၊အောင်ချိမ့်၊ဖော်ဝေး၊အောင်ဘညို၊အောင်ဝေး၊
မြေလတ်မောင်မြင့်သူ၊

ကောက်နွယ်ကနောင် တို့၏အဖွဲ့အနွဲ့များတွင် သာယာခဲ့..၊
ဓနမဂ္ဂဇင်းမှာတစ်လတစ်ပုဒ်စောင့်ဖတ်ခဲ့ရသည့်မောင်ခိုင်မာကြီး၏
အထေ့အငေါ့တွေမှာ..ယစ်မူးခဲ့၊

နောက်ပိုင်း..မောင်သိန်းဇော်၊စိုင်းဝင်းမြင့်၊ဇေယျာလင်း၊
ပိုင်စိုးဝေ၊ဝေမှုးသွင်၊မင်းခိုက်စိုးစံ၊တာရာမင်းဝေ..
အားလုံးဝိုင်းကာဖွဲ့ကာ...အုံလိုက်ကျင်းလိုက်...သူ့ကိုဖမ်းစားခဲ့။ သူအမှန်အကန်ရူးသွပ်ခဲ့တယ်ဆိုတာ..“နားလည်ပေးပါပရိသတ်ကြီးရယ်” ပြောနေစရာမလိုတော့။

မြန်မာပြည်က..နာမည်ရမဂ္ဂဇင်းလေးတစ်စောင်တစ်လေမှာ..သူ့ကဗျာလေးတွေပါလာတာကို..
ကုလသမဂ္ဂမှာ အတွင်းရေးမှုးရာထူးခန့်ခံရသလို...သွေးနထင်ရောက်နေ့စွဲများ...
လူငယ်လေးတစ်ယောက်ရဲ့ဘ၀မှာ...ရှိခဲ့ဖုးပါတယ်ဆိုတဲ့ ကွမ်းထုပ်ကို..
သူ..လူရှုပ်တိုင်းဖြည်ချပြခဲ့ဖူးသည်။

သူ့ဝါးလုံးခေါင်းလေးနှင့်သူတော့...သူတော်တော်လေးသာခဲ့ရသည်ပဲလေ။

အများသူငါအတွက်..ပျင်းစရာကောင်းလိုက်တဲ့ဘ၀..ဆိုသော..ဘ၀တွင်..
သူပျော်ပျော်ရွှင်ရွှင်ကျန်းကျန်း
မာမာနေထိုင်ရှင်သန်နေသည်ကိုက..
သူ့အတွက်..နောက်..သူ့အမေအတွက်..နောက်..(ဒိထက်ပိုခမ်းနား

ပြရလျှင်) သူ့နိုင်ငံနှင့်လူမျိုးအတွက် (အခွန်အတုတ်တွေ..မကြာမီ လာမည်..မျှော်)...
အားလုံးအတွက်
သေချာလေးနက်သောအဓိပ္ပါယ်တစ်ခုရှိနေသည်။

ရက်တစ်ရာ့နှစ်ဆယ်စွန်းလာသောအခါ...သူသည်..
“စင်ကာပူတွင် ပျော်ပျော်ရွှင်ရွှင်နေထိုင်နည်း” ဆိုသည့်..
မဟာစာတမ်းကျမ်းကြီးတစ်ခုကို

အောင်အောင်မြင်မြင်ပြုစုရေးသားနိုင်ခဲ့သည်။ အနည်းဆုံးတော့...သူတစ်ယောက်စာအတွက်..မှန်ကန်ပြီးပြည့်စုံအောင်
သူပြုစုရေးသားနိုင်ခဲ့သည်ဟု..သူထင်နေသည်။

အများသူငါတို့၏ ဘ၀နေနည်း အနုပညာနှင့်...မည်ရွေ့မည်မျှကွာဟမည်ဆိုသည်ကိုတော့
...သူသေချာတပ်အပ်မပြောတတ်ချေ။
အလုပ်အကိုင်၊ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေးများပြေလည်နေစေရန်...အလုပ်ပိတ်ရက်များတွင်..
.မွှန်ထူနေသောအမွှေးတိုင်များဖြင့်
ကွမ်ယင်မယ်တော်ထံသွားဆုတောင်းပတ္ထနာပြုနေခြင်းထက်..
“စိတ်ကောင်းရှိဖို့ ပထမ” ဟူသော တောင်မြို့ဂါထာလေး
သုံးခေါက်ရွတ်ကာ..ဖုန်းပိတ်ပြီး
တစ်နေကုန်...သူအိပ်ရေး၀၀အိပ်နေလိုက်တော့သည်။ ဘ၀သည်...သူကိုယ်ပိုင်ဝယ်ထားသော...ချစ်စရာလောကီလေးတစ်ခု
သာဖြစ်ချေတော့၏။

သက်ရှည်ကျန်းမာ ထီပေါက်ကြစေသား။
All the best.
vowel
13 May 2010
(Four months in SG)

No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။