ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Wednesday, May 5, 2010

AVIJJA PRESENTATION


ခုတလော..သူသိပ်နေမကောင်း။ မနက်ဆိုလျှင်..နွမ်းနွမ်းဖတ်ဖတ်ကြီးနိုးလာတတ်ပီး..ညနေဆိုလျှင်
နောက်ကျောဖက်ဆီမှ ထိုးထိုးအောင့်အောင့်နေတတ်သည်။
အစားလဲကောင်းကောင်းမစားနိုင်။အိပ်လျှင်လဲ... တညလုံးလဲအိပ်မက်ရှည်ကြီးများ ကို..
ကိုးရီးယားဇာတ်လမ်းတွဲများကဲ့သို့အခန်းဆက်မက်နေတတ်သောကြောင့်...အိပ်ရေးလဲ၀၀ မအိပ်နိုင်။ အိပ်တိုင်းလဲ..အိပ်မပျော်သဖြင့်..အလကားရသော..စည်းစိမ်ကိုပင်သူအလကားနေရင်းဆုံးရှုံးနေသည်။
(ဆုံးရှုံးနေရသည်ဟု ထင်နေသည်။) “လောဘ၊ ဒေါသ၊ မောဟတွေလျှော့မှပေါ့ကွ” ဟု...ဆရာကြီးလုပ်ချင်သူများ
ယခု...ထိုကဲ့သို့ဆင်ဆင်တူသောစကားလုံးများဖြင့်..သူ့အားဆရာကြီးလာလုပ်မည်ဆိုလျင်ပင်...သူသည်
ဆုံးရှုံးထားသော..အိပ်စက်ခြင်းများအတွက်...နွမ်းနယ်နေသောကြောင့်..ငြိမ်ခံနေမိတော့မည့်အခြေအနေသို့
ရောက်မှန်းမသိရောက်နေသည်။ “ငါတို့က ..လောဘနည်းတယ်..ရောင့်ရဲလွယ်တော့...အေးချမ်းတယ်လေ” ဟုဆိုလာသူများအား..သူဘာမှပြန်မပြောလိုပါ။
“ငါသည်အားကြိုးမာန်တက်ကြိုးပမ်းအားထုတ်ရသောအမှုကိစ္စများ
တွင်..အလွန်ပျင်းရိသူဖြစ်သည်”ဟု...ဗြောင်ဝန်ခံသူဆိုသည်မှာ...ကမ္ဘာပေါ်တွင်လက်ချိုးရေတွက်လို့ရကြောင်း...
သူ့စိတ်ကသိနေသောကြောင့်ဖြစ်သည်။

သူသည်ငယ်စဉ်ကလေးဘ၀ကတည်းကပင်..ဆရာဝန်များအပေါ်သူ့ကျန်းမာရေးကိုပုံအပ်ထားရခြင်းမျိုး
အတွက်..လုံးဝစိတ်မချ။မမှားသောရှေ့နေ မသေသောဆေးသမား...ဆိုသော်လည်း...မမှားသောဆေးဆရာ..
ဆိုသည်မှာလဲ..တော်တော်လေး..ရှာဖွေစိစစ်ရဦးမည့်အဖြစ် ဖြစ်ကြောင်း..သူငယ်ငယ်လေးကတည်းက..
နားလည်တတ်ခဲ့သည်။ထိုသို့...ဆေးဝါး ဆေးရုံ ဆေးခန်း ဆရာဝန်..စသူတို့နှင့်ကင်းကင်းရှင်းရှင်းနေနိုင်ခဲ့သော
သူသည်..ယနေ့တော့..အလုပ်ကအပြန်ဆေးခန်းဝင်ပြမည်..ဟူသော..စိတ်..ထူးထူးဆန်းဆန်းဖြစ်ပေါ်လာသည်။
ဆေးခန်းရောက်တော့...တုံကင်ယူပီးခဏစောင့်..လူရှင်းနေသဖြင့်..သူ့အလှည့်မြန်မြန်ရောက်သည်။

ဆရာဝန်က..ဘာဖြစ်သလဲပေါ့...ဘယ်လိုခံစားရသလဲ...ဘာတွေခံစားရသလဲ..ပေါ့။ သူကသူ့ကိုယ်သူ
'extrovert' သမားတစ်ယောက်ဟု..ခံယူထားသောကြောင့်...ဘယ်သူတွေ..
သူ့အကြောင်း..ဘယ်ချိန်လာမေးမေးအမြဲပွင့်ပွင့်လင်းလင်း..ပက်ခနဲပြန်ဖြေခဲ့တာများသည်။
ကဲ..ခုလဲ..မေးနေလေပြီ။ သူဖြေရတော့မည်...။
သူဘာတွေဖြစ်နေသလဲတဲ့။
သူဘာတွေခံစားနေရသလဲတဲ့။
သူဘယ်လိုတွေခံစားနေရသလဲတဲ့။

သူ့အာရုံတွေ..အရမ်းနိုးကြားလွန်းနေသည်။စိတ်ကြွဆေးသုံးထားသကဲ့သို့..အာရုံတွေကို..
အရမ်းကာရောမြင်နေရသည်။ သူပျော်ခြင်း၊ သူစိတ်ညစ်ခြင်း၊သူမပျော်ခြင်း၊ သူစိတ်ရှုပ်ခြင်း၊
သူစိတ်ပေါ့ပါးလန်းဆန်းနေခြင်း စသည်စသည်တို့...စက္ကန့်ပိုင်းလေးအတွင်း
ဖြတ်သန်းပြေးလွှားဖြစ်ပျက်နေသည်ကို..သူသိ သိလွန်းနေသည်။ အော်..တရားစခန်းမှာသာဆို..သူ့အတွက်
တော်တော်အကျိုးသက်ရောက်သွားနိုင်သည်။
ဒါကိုဘယ်လိုဆက်ရှု..ဘယ်လိုဆက်မှတ်..ဘယ်အရာ..ဘယ်လိုပေါ်လာတာကို..ဘယ်လိုမသာယာနဲ့...ဘယ်လို
ဆက်မှတ်..စသည်ဖြင့်..တရားပြဆရာတော်၏ အကူအညီဖြင့်သူတော်တော်လေး..ဆက်မှတ်သွားနိုင်လိမ့်မည်
ဟုလည်း..သူထင်နေသည်။(အထင်သာဖြစ်သည်..မသေချာလှပါ။)
သို့သော်..ယခု..သူ့မှာ..ထိုသို့မဟုတ်ခဲ့ပါချေ။အာရုံတွေနိုးကြားလွန်းနေမှန်းသိသော်လည်း...ကောင်းသောအာရုံ
ဆိုလျှင်..သူတော်တော်လေးသာယာတပ်မက်နေပီး..မကောင်းသောငယ်ဘ၀အိပ်မက်ဆိုးများဆိုလျှင်...သူမေ့
ချင်ပါသည်။ကောင်းသောအာရုံများတွင်သာ..သူ့စိတ်ကိုပို့လွှတ်ထားချင်ပါသော်လည်း...မကောင်းသောအာရုံ
တွေက..သူ့စိတ်ကိုပိုလွှမ်းမိုးနေသည်။ သူသည်..pessimist ...တစ်ယောက်များဖြစ်နေပြီလာဟု..ခုတလောသူ့
ကိုယ်သူလဲသံသယ၀င်နေသည်။ ဘေးပတ်ဝန်းကျင်ရှိလူတွေအပေါ်မည်သို့မျှ..အမြင်မပြောင်းလဲသော်လည်း
သူ့ကိုသူ..သူ့ဘ၀ကိုသူမြင်နေသည့်အမြင်တွေက..တော်တော်လေး..ဆိုးရွားသည့်ဖက်ကိုသာ..သူမြင်နေမိသည်။
ထိုသို့ဖြစ်နေခြင်းသည်..အခိုက်အတန့်မျှသာဖြစ်လိမ့်မည်ဖြစ်ပီး...အရာရာကိုကျော်လွှားလွန်မြောက်သော
တစ်နေ့တွင်..သူသည်မူလ..သူ့ဗီဇအတိုင်း အရာရာအပေါ်..ကျေနပ်လက်ခံတတ်သူတစ်ဦးအဖြစ်ပြန်လည်
ရပ်တည်နိုင်လိမ့်မည်ကိုသူ့စိတ်က သိနေသည်။ သို့သော်...လူပြောများသော..ဒီပရက်ရှင်ကျတယ်...စထရက်စ်
တွေသိပ်များတယ်ကွာ...ဆိုတာတွေကို..သူ့မသိစိတ်က..အားကျနေမိလေသလားတော့မပြောတတ်။
သူသည်သာမန်ကိစ္စလေးများကိုပင်လျှင်..သူ့ဘ၀ထဲတွင်..အရေးပါလွန်းနေသယောင်...ခံစားတွေးမြင်သုံးသပ်
နေမိသည်မှာ.တော်တော်လေးကြာသွားပီဖြစ်သည်။ထိုကိစ္စများနှင့်..သူ၏လက်ရှိအနေအထားအားလုံးကို အမှန်အတိုင်း ပထမဆုံးဖွင့်ပြောဖြစ်သူမှာ...ယခု..သူ့ရှေ့ရှိဆရာဝန်ပင်ဖြစ်သည်။

'Know Thy self' ဆိုသောစာသားမှာ..သူ့စာကြည့်စားပွဲနံရံမှာကပ်ထားသော..သူစိတ်မ၀င်စားခဲ့သည့်
စာသားဖြစ်သည်။သူဘာတွေကိုစိတ်ဝင်စားခဲ့သလဲ။ ဒီမေးခွန်းကိုသူ့ဘာသာပြန်မေးကြည့်သည်။ ဒီမေးခွန်းကိုကသူ့အတွက်..စိတ်ဝင်စားစရာကောင်းမနေပါချေ။သူသည် “အများကြီးစားလည်းပြန်အန်ထွက်ရုံပဲ”
ဟုဆိုကာ..အများတကာအပြေးအလွှားအမောတကောဒီဂရီတွေဆင့်ယူနေကြချိန်တွင်...သူကအချိန်အားလုံးကို
တန်ဖိုးရှိစွာ...ပေတေခဲ့သူဖြစ်သည်။သူသည် ဘ၀တစ်လျှောက်လုံးကို..စနစ်တကျရေလွဲလိုက်ခဲ့သူဖြစ်သည်။
“ကိုယ်စီးနေတဲ့မြင်း..အထီးမှန်းအမမှန်း..မသိလဲရတယ်” ဟု..သူ့ကိုသူတလွဲဆံပင်ကောင်းခဲ့သူလည်းဖြစ်သည်။
တခါတရံတွင်..အကျိုးလိုသောကြောင့်လာလောင်းသောညောင်ရေများကိုလည်း..တဂွပ်ဂွပ်မော့သောက်ခဲ့
သူဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်လည်ပုံပြတ်ပုံ အကွက်များကိုကြည့်ရင်း...နှစ်အကွက်နှင့်သုံးအကွက်ကြား “စပ်” ဆို
သောနေရာရောက်လျှင် သူရင်ခုန်လေ့ရှိသည်။ ဝေဒနာနှင့်တဏှာ....အားလုံး..နာနေမှတော့မကောင်းတော့ဟု
မြင်သူလည်းဖြစ်သည်။ “ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်” ဆိုသောစာသားမှာ ဇွန်ပန်းရုံအနီးကျွံနေသော
လှည်းဘီးအတွက်သာဖြစ်ပီး ခေတ်တစ်ခု..စနစ်တစ်ခု..အပြောင်းအလဲတစ်ခုခု အတွက်မှာမူကား “ပြိုင်တူတွန်း”
ရန်“လူမညီ” သည်ကများနေကြောင်းကိုလည်း.သူကကြီးကြီးကျယ်ကျယ်တွေတွေးပီး..
ရင်မောနေလေ့ရှိသူဖြစ်သည်။ဆရာ့ဆရာကြီးများကဲ့သို့..“ကျွန်ုပ်၏တစ်သက်တာမှတ်တမ်းများ” ဘာညာတွေကို အားကျသော်လည်း..တကယ့်လက်တွေ့တွင် “ကျွန်ုပ်၏ တစ်ပတ်တာအသုံးစာရင်းများ” ကိုပင်
ဖြောင့်အောင်မရေးနိုင်သူလည်းဖြစ်သည်။ဘာသာပြန်စာအုပ်များ..သူတစွယ်စုံများနှင့်.စာကြီးပေကြီးများဟု လူပြောများသောစာပေများကိုလေ့လာဖတ်ရှုရန်
ဝါသနာပါသော်လည်း..အိပ်ယာထဲတွင်စာဖတ်လေ့ရှိသောကြောင့်...ထိုစာအုပ်များကိုမနိုင်မနင်းဖြစ်ရသဖြင့်
နောက်ပိုင်းမဖတ်ဖြစ်တော့ပဲ...ပေါ့ပေါ့ပါးပါး..တင်အောင်နီ..ငွေကြည်..တွတ်ပီ..နှင့် သော်က ကာတွန်းများသာ
ရွေးဖတ်တတ်သူဖြစ်သည်။

သူ့အကြောင်း..တော်တော်များများ..ဆရာဝန်အားပြောပြအပြီးတွင်...ဆရာဝန်က သူ့အားငယ်ဘ၀အကြောင်း...မိသားစုအကြောင်းနှင့်..မိဘများအပေါ်သဘောထား..စသည်တို့ကို
စစ်စစ်ပေါက်ပေါက်ဆက်မေးသည်။

“ခင်ဗျားအဖေ ဟာလူတော်တစ်ယောက်ဖြစ်ရင်ဖြစ်မယ်..လူကောင်းတစ်ယောက်မဟုတ်ဘူး” ဟု
သူ လူတစ်ယောက်ယောက်အားပြောချလိုက်လျှင်..ထိုသူမှ..မည်သို့တုံ့ပြန်လိမ့်မည်ဆိုသည်ကိုသူစိတ်ဝင်စား
မိသည်။သူသည်တာဝန်မဲ့သောဖခင်များကိုအကောင်းမမြင်တတ်သူဖြစ်ပီး သူ၏မွေးသဖခင်ကိုတော့...အတတ်
နိုင်ဆုံးအကောင်းမြင်နိုင်အောင်ကြိုးစားတတ်သူဖြစ်သည်။ယခုလောလောဆယ်..သူကြားချင်နေသောစကားမှာ
အိပ်မက်ထဲမှာ..သူ့ဖခင်၏ သူ့အားပြစ်တင်မောင်းမဲသံများဖြစ်ပြီး...သူအ၀န်လေးဆုံးဖြစ်နေသည်မှာလဲ..ဖခင်ထံ
ဖုန်းတစ်ကော ခန့်ခေါ်လိုက်ရန်ပင်ဖြစ်သည်။ “ကျေးဇူးကြီးပေ..တို့ဖေဖေ.”.ဟူသော..စာစီစာကုံးခေါင်းစဉ်ဖြင့်မြန်မာစာဂုဏ်ထူးထွက်
ခဲ့သော...အလယ်တန်း..အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံးသည်...ယခုအခါ..မှုန်ဝါးသေးသိမ်သော
အတိတ်တို့အဖြစ်..ကျေးလက်ကအမေ့အိမ်လေးတွင်ကျန်ခဲ့လေသည်။ထိုအဖြစ်မှန်ကိုသူရင်ဆိုင်မိလိုက်တိုင်း...
သူကိုယ်သူတင်မိသော..အပြစ်တို့က..သူ့လူငယ်ဘ၀တစ်ခုလုံး သူ့နှလုံးသားကိုဆုပ်ညှစ်ထားပီး
မွန်းကျပ်ပိတ်လှောင်နေစေသည်။မိဘများ၏ကြည်လင်ရွှင်မြသောသာယာသည့်အိမ်ထောင်ရေးသည်..သားသမီး
တို့အား..မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေကာ..ပတ်ဝန်းကျင်အပေါ်ချစ်ခင်နှစ်သက်ယုံကြည်တတ်ပီးအကောင်းမြင်စိတ် ပိုများစေသည် ဟု..သူဖတ်ဖူးသည်။သူသည် လူတကာအား..ယုံကြည်ရန်ခက်ခဲသော အထူးသဖြင့် အိမ်ထောင်ရေးကိုမယုံကြည်သော..လူငယ်တစ်ယောက်အဖြစ်..အဆီအငေါ်မတည့်စွာ ရင့်ကျက်လာခဲ့သူဖြစ်သည်။

ဒေါင်းယောင်ဆောင်သောကျီးများ၊ ငါးမရရေချိုးပြန်ကြသူများ နှင့် ပွဲလန့်တုန်းဖျာခင်းတတ်သူများကို
စက်ဆုပ်တတ်သော်လည်း..သူကိုယ်တိုင်မှာမူ ဘယ်နေရာမှာမဆို ချော်လဲတိုင်းရောထိုင်ပစ်လေ့ရှိသူဖြစ်သည်။
တခါတရံနွမ်းနယ်နေသောနေ့ရက်များတွင်....ကျေးလက်ကအမေ့အိမ်လေး၏ ဆောင်းတွင်းမီးဖိုလေးနဘေး...
“လူ့အခွင့်အရေး” ၀ိုင်အရက်ကလေးတခွက်နှင့်အမေ့အိမ်နံ့လေး ရှုရှိုက်ခွင့်ရချင်နေတာချင်းတော့....အများ
တကာနှင့်သူ...အတူတူပင်ဖြစ်နေတတ်သည်။ ကဗျာစာအုပ်များကိုဝယ်ယူစုဆောင်းရတာဝါသနာပါသော
ကြောင့်..သူတွင်စုမိဆောင်းမိရှိသမျှမှာ...ကဗျာစာအုပ်များသာဖြစ်နေပီး..အခြားဘာမှ..ကိုယ်ပိုင်မရှိသော
သူလည်းဖြစ်သည်။သူသည်...“စု-တု-ပြု” ဆိုသော စာသားလေးအားတော်တော်လေးသဘောကျဖူးသဖြင့်
သူ့ကဗျာစာအုပ်စင်လေးတွင်..ရေးကပ်ထားသည်။ သို့သော်..သူသည်...“လမ်းဖြစ်အောင်မသွားတတ်ခဲ့သော
ဆင်တစ်ကောင်”မျှသာဖြစ်ကြောင်းလဲ....သူ့ကိုသူသိနေသေးတော့သည်။

ထို့နောက်တော့...ဆရာဝန်က..သူ့အား...ယခုတလောအတွေးများသောအတွေး...နောက် ဘာတွေကို..
စိတ်ပူနေတတ်သလဲ..ဘာတွေကို...ဘယ်လိုတွေးမိနေသလဲ...ဆက်မေးသည်။

သူစိတ်ပူနေသော..သူစိတ်ထဲတွင်အမြဲတွေးနေမိသော..သူစိတ်မချလက်ချဖြစ်နေသော..အရာတို့မှာများ
ပြားလွန်းလှချေသည်။ အမှန်စင်စစ်..ဖြစ်ချင်မှဖြစ်မည်..မသေချာသော်လည်း...ယခုသူစိတ်ပူပန်နေသည်
ကတော့သေချာနေသည်။ သူစိတ်ပူနေသော ကျေးလက်မှ..မိဘမောင်ဘွားများနှင့် ကုန်ဈေးနှုန်းတရိပ်ရိပ်ကြီးမြင့်မှုသည်၎င်း၊ သူစိတ်ပူနေသော အန်အလ်ဒီနှင့်အန်တီစုသည်၎င်း၊ သူစိတ်ပူနေသောအလုပ်အကိုင်ကောင်းရရှိရေး၊ လစာတိုးမြင့်ရေး၊ ပညာဆက်လက်သင်ကြားရေး၊
အနောက်နိုင်ငံများသို့သွားရောက်လည်ပတ်နိုင်ရေး စသည်တို့သည်၎င်း၊ယခုလောလောဆယ်...
သူရေးနေသောဘလော့ကိုလာရောက်ဖတ်ရှုသူများမှ..သူ့အားပစ်ပစ်နှစ်နှစ်ဝေဖန်ကြမည်
ကိုစိုးရိမ်နေခြင်းသည်၎င်း၊ထိုသို့ဝေဖန်ရန်ပင်..၀င်ရောက်လည်ပတ်အားပေးဖတ်ရှုခြင်းမပြုကြမည်ကိုစိုးရိမ်
နေခြင်းသည်၎င်း၊ အဓိက ကဘာလဲ..သာမညက ဘာလဲ..သဲအင်းဂူကဘာလဲ..စသည်..စသည်ဖြင့်..အချို့နေရာ
များတွင်မလိုအပ်ဘဲအလွန်အမင်းအတွေးချော်နေခြင်းများသည်၎င်း၊ ....၄င်း၊ ....၄င်း၊ ထိုထို များပြားလှစွာသော
၎င်းများစွာတို့ကို၎င်း၊ သူတော်တော်လေး...စိတ်ပျက်နေသည်။ ကြာတော့သူ့ကိုသူတော်တော်လေး...စိတ်ပူ
လာသည်။တစ်ခုခုတော့တစ်ခုခုပဲ..ဟုဆိုတာ..ဘာမှန်းမသိသောတစ်ခုခုကို...စိုးရိမ်နေသောစိတ်ကို..စိုးရမ်နေရ
ပြန်ကြောင်း....ဆရာဝန်ကို..သူအကုန်အစင်ပြောပစ်လိုက်သည်။

သူကချည်းစကားများကိုတရပ်စပ်မရပ်မနားပြောခဲ့ရသောကြောင့်..သူတော်တော်လေးမောပမ်းသွား
သည်။ သို့သော်..သူ့စိတ်ထဲတွင် တော်တော်လေးတော့ပေါ့ပါးလန်းဆန်းသွားသလို..ခံစားမိသည်။ ဒါကိုလဲ
ဆရာဝန်ကို သူပြောဖြစ်အောင်ပြောပြလိုက်သေးသည်။ “တော်တော်လေးပေါ့ပါးလန်းဆန်းသွားတာပဲ”။
“တော်တော်လေး နေလို့ကောင်းသွားတာပဲ” ဟုဆိုကာ..သူဆေးခန်းမှ...ပြန်ထွက်လာခဲ့တော့သည်။
ဆေးခန်းပေါက်အ၀ရောက်မှ..သူဆရာဝန်အား...ကျေးဇူးတင်စကားပြောရန်မေ့ခဲ့ကြောင်းသတိရလိုက်သဖြင့်
သူနောက်ပြန်လှည့်ကာ...ကျေးဇူးတင်စကားပြောရန် ဆရာဝန်ကိုသေချာကြည့်လိုက်သည်။ ထိုအခါ...
ဆရာဝန်မှာ...သူနှင့်ခွဲမရအောင်ချွတ်စွပ်တူနေသော...သူကိုယ်တိုင်ပင်...ဖြစ်နေသည်ကို..သူအထိတ်တလန့်
တွေ့လိုက်ရပါတော့သည်။ ။ ။





သရ
( ၆ မေ ၂၀၁၀)
ရာသီပူလောင်အိပ်မရညများထဲမှ....စိတ်ကူးတည့်ရာ..ခံစားမိသမျှ တို့ကိုဆွဲထုတ်
“အ၀ိဇ္ဇာတင်ဆက်မှု”အဖြစ်...ချပြကြည့်လိုက်မိပါတယ်။


No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။