ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Monday, June 14, 2010

လှဲကျင်းထားတဲ့ ညနေ

အဲဒီနေ့ကပဲ ဖြစ်ဖြစ် ထိုနေ့ကပဲ ဖြစ်ဖြစ် ဂျွန်လ၏ ရေခဲမုန့်စားသော တစ်ရက်ဆိုတာ သေချာသည်။ ကျနော်တစ်ယောက်တည်း ညနေခင်းတစ်ခုလုံးကို ပေါက်ပေါက်ဆုပ်လို ၀ါမျိုချနေသည်။ လည်ချောင်းနင် သွားသောကြောင့် လက်ထဲမှ ဆည်းဆာကို လွှတ်ချမိတော့မလို ဖြစ်သွား၏။

ဟိုးမှာ ငှက်ကလေးတွေ။ ပင်လယ်အတုဘေးမှာ ထိုင်မိတဲ့ ရောဂါလောက် ကူးစက်မြန်တာ မရှိဘူး။ ယာယီအနမ်းများနှင့် မျက်လုံးများက ကျနော့်ချက်ရူးမ်(Chat Room)ထဲအထိ ပူနွေးနေသည်။ လှိုင်းပုတ်သံကလည်း အစစ်မဟုတ်ပြန်။ ဖုန်းတစ်ချက်ခေါ်သံကြားလိုက်၏။ မာရီနာဘေးမှာ ရှိနေမယ်။

ရုံးခန်းထဲရှိ စားပွဲအလွတ်တစ်လုံးပေါ်မှာ လက်ကျန်မျှော်လင့်ချက်များကို ကပျာကရာအိပ်ထဲ ကောက်သိမ်း နေပြီဖြစ်သောချစ်သူက ကျနော့်ပါးကို ကျီစယ်ကာ လှမ်းပုတ်လိုက်သည်။ ကျနော်က စိတ်လိုလက်ရ ရှောင်မိသွား၏။ ဒါ နင် ဆင်ထားတဲ့ အကွက်မဟုတ်လား။

ချစ်သူ နင့်နာမည်တွေကိုပဲ ငါ အာပူတိုက်နေမိတယ်။ နင်က ငါဖြေရမယ့် မေးခွန်းလွှာ။
သို့သော် ကျနော့်ချစ်သူကိုယ်တိုင် ကျနော်ဖြစ်နေခြင်းသည် ကြိုတင်ညှိယူထားသော ဇာတ်ညွှန်း အတိုင်းဖြစ်သည်။ ဤ၀ါကျသည် ချစ်သော တစ်စုံတစ်ယောက်အတွက် မလိုအပ်ဘဲ ဖြည့်စွက်ထားခြင်းဖြစ်သည်ဟု ကျနော်က မှတ်ချက်မပေးပါ။

ဘောလုံးတစ်လုံးကို ပွေ့ပိုက်ကာ ဆင်းသွားသော ဒိုင်လူကြီးကို ငေးနေမိသည်။ ဒီလူ ဘာလုပ်မှာပါလိမ့်။ နိုင်ခြင်းရှုံးခြင်းတွေကို အမှန်အတိုင်းချခင်းပြဖို့ ခရာတစ်လုံးရှိနေတာဟာ သူ့ရဲ့ အဓိပ္ပါယ်ပဲတဲ့၊ ကြောင်လိုက်တဲ့ ကိုလီနာ၊ ခုတော့ ကိုယ့်လူကို နှစ်ထောင့်တစ်ဆယ်ကြီးက ထားခဲ့ပြီမဟုတ်လား။
သူ့ရာသီအတိုင်းပဲ သူပွင့်ပါစေကွယ် ချစ်သူရယ်။

ကျနော်လည်း ဘောလုံးကွင်းထဲ ခုန်ချလိုက်၏။ ဘောလုံးပွဲက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ ကျနော့်အတွက် ကန်ချိန်က တိုတောင်းလှသည်။ သို့မဟုတ် ရှည်လျားလှသည်။ ၀ကာ ၀ကာ ဟေ့ဟေ။ ဆာမီနာ မီနာ ဇန်ဂလဲဝါ၊ ၀ကာ ၀ကာ ဟေ့ဟေ။ ရှာကီရာ၏ ဂီတနွဲ့နွဲ့များ လှုပ်လိုက်တိုင်း အာဖရိက၏ ဆင်ရိုင်းများပြေးထွက်လာသည်။ ကတုံးမဲမဲလေးက ကျနော့်ကို ပြုံးပြလိုက်၏။

ဟစ်ဟော့သီချင်းအပိုင်းအစတွေကို ချက်ပြုတ်ရင်း လှုပ်ရွနေသော ချစ်သူက ကျနော့်ကို နှာခေါင်းရှုံ့ပြသည်။ ထိုသင်္ခါရကို ဘယ်တော့မှ ရှုမှတ်လိမ့်မည်မဟုတ်ပါ။ နွေရာသီ ရိပ်သာစခန်းဝင်စဉ်က တရားပြဆရာ၏ သွန်သင်ချက်ကို အားနာမိသေးတော့၏။

ဘီယာသံဗူးကို မော့ရတာ ကျနော်မကြိုက်၊ ဘီယာပုလင်းနှုတ်ခမ်းများကတော့ ကပ်ငြိစွဲမက်ဖွယ်ဖြစ်သည်။ တစ်ကြိုက်တည်း စုပ်ယူအေးစက်ရသည့် သံသရာရှည်ခြင်းမျိုးကို ကျနော်ကြိုက်သည်။ ဘီယာသောက်တိုင်း ကြားရတတ်သည့် ဂစ်တာသံများကိုတော့ ကျနော်က တူးခါးပစ်လေ့ရှိသည်။

ကျနော်က ရာသီဟောင်း စုတတ်သည့် အတိတ်ကောက်သမားတစ်ယောက်ဖြစ်နေသည့်အခါမျိုးတွင် တယောဘိုးတံများမှ စီးကျလာသည့် ဂန္ဓမာတောင်ကိုသာ မျက်လုံးမှေးပြီး တက်ချင်သည်။

ညင်သာစွာ ကိုင်တွယ်ပါ။
ထိရှလွယ်ကွဲကြေလွယ်သောဖန်ခွက်များကိုသာ နံရံအပြည့် ပစ်ပေါက် ခွဲချေပစ်လိုက်သည်။
ကမ္ဘာ့နံရံပေါ်မှာ ကျနော်သာ ကြည်နူးငြိမ်းချမ်းစွာ တားသွားခွင့်ရလျှင် ပင့်ကူတစ်ကောင်ဖြစ်သွားလည်း ဘာအရေးလဲ။

ခုတော့ ခြင်္သေရုပ်ကြီးရှေ့တွင် ဓါတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။ ယုတ္တိဖြင့် နေထိုင်ရခြင်းက သက်သောင့်သက်သာ ဖြစ်သည် တဲ့။ ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ မနက်ခင်းတိုင်း တံမြက်စည်း လှဲလေ့ရှိပါသည်။သို့သော် သူ့အဇ္ဈတ္တကို လှဲကျင်းထားဖို့တော့ အချိန်ပေးလေ့မရှိပါ။ နောက်ဆုံးတော့ ကျနော်က သူ့ဖိုင်တွဲကို ပိတ်ပစ်လိုက်သည်။

မက်ဆေ့ခ်ျတစ်ခု ။
''Why u leave me alone the whole day, I miss u.''
အိပ်မက်နှင့် နာကျင်မှုကို တင်ဆောင်လာသည့် အမ်အာတီရထားများ တစ်စီးပြီး တစ်စီးထွက်ခွာသွားသည်။ ကျနော်က ညနေခင်းကို ကောက်သင်းကောက်နေမိတုန်း။
(မနေ့က ဖုဒ်စတောလ်တစ်ခုမှာ ကျန်ခဲ့သည့် အုတ်ခဲရောင်မီးခြစ်လေးအကြောင်းကိုတော့ ကျနော်ဆက်မတွေးဖြစ်တော့ပါ။)

လင်းရီဇော်
(၁၄-၀၆-၂၀၁၀)


No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။