ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Thursday, July 15, 2010

ခေါင်းစဉ်မဲ့


ထိုနေ့က ပင်လယ်ပြင်တွင်..မိုးသက်လေပြင်းများသည်းထန်နေခဲ့သည်။

သူ တစ်ယောက်တည်း ပင်လယ်ဖက်လမ်းလျှောက်ထွက်လာရင်း
လှေလှော်ချင်စိတ်ပေါက်လာသဖြင့် အနီးတွင် အသင့်တွေ့နေသော လှေငယ်
တစင်းကို ကြိုးဖြည်ကာ..စတင်လှော်ခတ်ခဲ့ပါတော့သည်။
ကမ်းနှင့်ခပ်လှမ်းလှမ်းဆီထိသူရောက်လာတော့ မုန်တိုင်းကျလာသည်။
သူ့အခြေအနေကိုသူ ကောင်းကောင်းသိလိုက်ပြီ။
လှေကောင်းကောင်းမလှော်တတ်သော သူသည် ရူးသွပ်မှုတခုခုကြောင့်သာ
ပင်လယ်ပြင်ဆီလှေတစင်းနှင့်ထွက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုရူးသွပ်မှုမှာ...သေခြင်းတရားနှင့် စီးချင်းထိုးရလောက်အောင်..
သွက်သွက်ခါနေမည့်အခြေအနေမျိုးများပေလား...သူမတွေးတတ်တော့။
ခု...သူတစ်ယောက်ထဲ ပင်လယ်ထဲရောက်နေသည်။လှေက မငြိမ်။ထိန်းနေသည့်ကြားမှ
တိမ်းမှောက်ခဲ့လေသည်။နီးစပ်ရာ ကျွန်းတခုဆီ အားတင်းကူးခတ်လာခဲ့လိုက်သည်။
ကမ်းခြေရောက်တော့ သူခြေကုန်လက်ပမ်းကျလေပြီ။

ဘာလုပ်ရမည်နည်း။ ကမ်းမမြင်လမ်းမမြင်သောပင်လယ်ပြင်ဆီ သူငေးရင်း...
အတိတ်နှင့်အနာဂတ်ကို ခေတ္တမေ့ထားလိုက်သည်။ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့..ခုဘာလုပ်မှာလဲ။
နောက်ဘာလုပ်လုပ်..ဘာဖြစ်ဖြစ်..ခုဘာလုပ်မှာလဲဟု..
သူ့ကိုယ်သူသေချာအောင်မေးနေမိသည်။
ပင်ပမ်းလာသောအရှိန်နှင့် ဆာလာသောဝမ်းဗိုက်ကိုနှိပ်ရင်း..သူတမှေးအိပ်ပျော်သွားသည်။

သူနိုးတော့..ပင်လယ်တွင်မိုးသက်မုန်တိုင်းငြိမ်သွားပြီ။ သူမဟုတ်သလို တည်ငြိမ်ရင့်ကျက်နေသော
ပင်လယ်ပြင်ဆီ..သူငေးငေးရီရီလှမ်းမျှော်ကြည့်လိုက်တော့ သင်္ဘော တစင်းဟု
ထင်ရသော မည်းမည်းအရာတခု..သူ့ဖက်ဆီဥိးတည်ရွေ့လာသလိုလို ..သူတွေ့လိုက်ရသည်။
သူဝမ်းသာပျော်ရွှင်သွားသည်။ အိုကေ..အဆင်ပြေပြီ။ သူတော်ကောင်း နတ်ကောင်းမတာပဲ
ဟု..သူ့ကိုယ်သူချီးမြှောက်လိုက်ကာ..ရေထဲဆင်းပီး ထိုအရာဆီ..သူစတင်ကူးခတ်
လိုက်တော့သည်။ ဘယ်လောက် အဝေးမှာလဲ...တော်တော်ဝေးသလား..
အို..ဘယ်လောက်ဝေးဝေး..ရှေ့မှာ..ကိုယ့်ကိုကယ်မဲ့ သင်္ဘောကြီးတစီးလုံးရှိနေတာပဲ။
ပင်လယ်ကူးသင်္ဘောကြီးနေမှာ...တော်တော်ကြိးမဲ့ပုံပဲ။ဒီ သင်္ဘောက ငါ့ကိုကယ်မှာ။
ဒီလူသူမရှိတဲ့ကျွန်းကနေလွတ်မြောက်ဖို့...ငါ့ကိုကယ်မဲ့သင်္ဘောကြီး။
ငါကူးမယ်..ငါကူးရမယ်။အားတင်းထား..ကူးမယ်...ရောက်အောင်သွားမယ်။
တော်တော်လှမ်းလှမ်းကူးခတ်မိတော့...သင်္ဘောက သိပ်မကြီးတော့..
ငယ်သွားသလိုလို။ဟာ..ဘာဖြစ်တာလဲ..အေးလေ..စောစောက အဝေးကနေဆိုတော့
ငါ အထင်အမြင်လွဲတာနေမှာပါ...ဘာဖြစ်လဲ ..ပင်လယ်ကူးသင်္ဘောမဟုတ်တော့လဲ
ငါးဖမ်းစက်လှေတစင်းစင်းဖြစ်နေနိုင်တာပဲ။ ငါ့ကိုကယ်မှာပေါ့။ ကူးမယ်...။ ဆက်ကူး..
ဆက်ကူး...။ ပိုနီးလာတော့..ပိုသေချာလာသည်။ငါးဖမ်းစက်လှေလဲမဟုတ်လောက်ပြန်။
လှေငယ်လေး တစင်းပဲဖြစ်မှာ...။အို...ဘာဖြစ်သေးလဲ...လှေငယ်လေးဆိုလဲ..
ငါ့ကိုတော့ တင်သွားနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ်...ငါ ရောက်အောင်တော့ကူးရမယ်..။
သူလက်ကျန်အားတွေကို တစုတစည်းထဲ စိုက်ထုတ်ပြီး ဆက်ကူးလိုက်သည်။
တွေ့ပါပြီ။ ကမ်းခြေမှ..ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်ခဲ့သော သူ့သင်္ဘောကြီးကို
သစ်ဆွေးတုံးကြီးတစ်တုံးအဖြစ် သူ့မျက်စိရှေ့တွင် မျက်ဝါးထင်ထင်တွေ့ရပြီဖြစ်သည်။
သူဘာလုပ်ရမည်နည်း။ သူပင်ပင်ပမ်းပမ်းကူးခတ်လာခဲ့မိသော ခရီးက မသေးလှ။
သူ့ကိုကယ်တင်မည့် သင်္ဘောတစ်စင်းဟု..သူဘာကြောင့် ထင်ခဲ့မိတာလဲ။
“အကွာအဝေး” သူ့စိတ်ကိုလှည့်စားခဲ့တာလား။
သူ့စိတ်ကိုက “အကွာအဝေး” ကိုလှည့်စားခဲ့ကြည့်မိတာလား။
အကွာအဝေးသည် လူ့စိတ်ကိုလှည့်စားတတ်ကြောင်း သူကောင်းကောင်းသိပါသည်။
သိသိကြီးနှင့် အလှည့်စားခံခဲ့ခြင်းသည်..ပင်လယ်ပြင်ကိုစထွက်လာကတည်းက
ရူးသွပ်နေသော..သူ့မိုက်မဲမှု..ရူးကြောင်ကြောင်နိုင်မှုများကြောင့်သာလျင်ဖြစ်ပေမည်။
သူဘာလုပ်ရမည်နည်း။ နောက်လှည့်ပြန်ကူးခတ်သွားလိုက်ရမှာလား...။
ရှေ့မှာက ကမ်းမမြင်လမ်းမမြင်ကျယ်ပြောလှသော ပင်လယ်ပြာကြီး က သူ့ကို
စိန်ခေါ်သလိုကြည့်နေသည်။
ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်မိမှားခဲ့သော သစ်ဆွေးတုံးကြီးကိုဖက်ရင်း
သူဘာဆက်လုပ်ရမည်ကို..သူမဆုံးဖြတ်နိုင်တော့ချေ။
ဘ၀တွင် သူသည် သူတန်ဖိုးထားသောအရာများစွာကို ဆုံးရှုံးဖူးသည်။
ဆုံးရှုံးမှုတိုင်းတွင် ခိုင်လုံသောအကြောင်းတရားတို့ရှိနေတတ်သဖြင့်
သူဖြေတွေးလိုက်နိုင်သည်က များသည်။ ခုကော...ကဲ...ခုကော..ဘယ်လိုဖြေသိမ့်ရမလဲ။
ပင်လယ်ကူးသင်္ဘောတစ်စင်း လို့သူမှတ်ထင်ယုံကြည်ချင်နေသောစိတ်က...
သူ့ကို ပိုမိုရူးသွပ်စေခဲ့သည်။ထိုရူးသွပ်မှုများကြောင့်သူ ပိုမိုမိုက်မဲခဲ့သည်။
ထိုမိုက်မဲရူးသွပ်မှုများကို..အကွာအဝေးက အဆုံးအဖြတ်ဝင်ပေးသွားသောပွဲတွင်
သူ အနိုင်အရှုံးလက်မဲ့ဘ၀ဖြင့် ပင်လယ်ထဲတွင်ယောင်ချာချာကျန်နေရစ်သည်။
ဘာကို ယုံယုံကြည်ကြည်ဆက်မျှော်လင့်ထားရမှာလဲ။
ဘ၀ကို ဘယ်ခေါင်းစဉ်အောက်ထဲ ထိုးသွင်းထားကြည့်လိုက်ရမှာလဲ။
ပင်လယ်ပြာပြာကြိးထဲတွင် စကားလုံးအခွံသက်သက်သာကျန်ရစ်သော
ကဗျာအပိုင်းအစတွေက တစစီ..တစစီ...ခေါင်းစဉ်တွေမဲ့ကုန်သည်။
သူတန်ဖိုးထားခဲ့မိသော ပင်လယ်ကူးသင်္ဘော သည်လဲ..တစစီ..တစစီ။

မေခလာမရှိတော့သော အပြောကျယ်လှသည့်ပင်လယ်ထဲတွင်..ကဗျာတပုဒ်ကိုသာ
ဆားငန်ရေနှင့်ဆို့ဆို့နင့်နင့် မျောချလိုက်ရသည်။
ရှင်သန်ခြင်း၏ခေါင်းစဉ်မဲ့မှု တစ်ခုက စနစ်တကျပြင်ဆင်ထားခဲ့သလို
ပင်လယ်ထဲတွင်မှချိန်ကိုက်ဖြစ်လာရသည်။
သူချစ်သော ပင်လယ်ဓါးပြကြီးတစ်ဦး၏ ကဗျာ တပုဒ် တိုးတိုးညင်ညင်ရွတ်ဆိုရင်း
သေခြင်းတရားသည် မည်သို့သောခေါင်းစဉ်မျိုးဖြင့်သူ့ထံရောက်လာမည်လဲ
ဆိုသည်ကိုစိတ်ရှည်လက်ရှည်စောင့်နေလိုက်တော့သည်။ ။


“ခေါင်းစဉ်မဲ့”

ဘယ်လိုပျော်ရမလဲကွယ်
တစ်ယောက်နဲ့တစ်ယောက် ခေါ်သံတွေမှာ
ရန်ဓာတ်တွေ ပါလာခဲ့ပြီ။

ဘယ်လိုထိတွေ့ရမလဲကွယ်
ဘယ်လိုစီးဆင်းပေးရမလဲကွယ်
ငါ့မြစ်ကလေးကို ရပ်တန့်ပေးရတော့မလား။

နက်နက်တူးပြီး
စိပ်စိပ် စိုက်ခဲ့ပါတယ်
ရိတ်သိမ်းစရာကောက်ပဲသီးနှံမရှိတော့ပါ။

ရပ်တည်ချက် မှန်ကန်ခဲ့ပါတယ်
အပေးအယူ အပြန်အလှန်တွေ
မရရှိခဲ့ပါ။

ဖွဲ့စည်းပုံပျက်သွားခဲ့ပါပြီ
မနက်က ငှက်မြည်သံလေးမှာ
အခါတိုင်း အခါတိုင်း လို
သဟဇာတ တွေမပါတော့ပါ။

ဆောင်းဆိုလဲဆောင်းပေါ့
မိုးဆိုလဲမိုးပေါ့
နွေဆိုလဲနွေပေါ့
ခုတော့
ဒေါင်းလဲမဟုတ်
စာကလေးလဲမဟုတ်
ရုတ်ချည်းရုတ်ချည်းတွေ ညှိုးငယ်ပေးရ
ထိကရုန်းပင်လေး ဖြစ်ခဲ့ရပါပြီ။

ထိကရုန်းပင်လေးမှာ
အသည်းတွေ ကြီးခဲ့ရပါပြီ
မောင့်“ဂုစတီနာ” ရယ်။

(မောင်ချောနွယ်)


( စာမရေးတာကြာနေပြီဖြစ်သော vowel သည် ထိုသာမန်ထက်ပိုမိုတိတ်ဆိတ်သော
ညနေခင်းတစ်ခုတွင် လေးဖြူ၏ “လေလွင့်သူ” ကို မောင်ချောနွယ်၏ “ခေါင်းစဉ်မဲ့” ဖြင့်
တနစ်တကျဖျော်စပ်သောက်သုံးမူးယစ် ခဲ့ပီး အထက်ပါ ပင်လယ်ကူးသင်္ဘော တစင်းနှင့်
သူ၏ခံစားမှု အပိုင်းအစများကို အဆီအငေါ်မတည့်စွာခံစား တင်ပြမိပါသည်။)


အချင်းချင်း အမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့် ခေါင်းစဉ်မဲ့နိုင်ကြစေ။

With Metta,
VOWEL
(15Jl10)



No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။