ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Tuesday, July 27, 2010

Thirtieth Poem


နှစ်ဆယ့်တစ်ရာစု ဆိုလား…

ရာစုတခုသာပြောင်းသွားတယ်…

အသည်းနှလုံးတွေလူလားမမြောက်နိုင်ဘူး။

အတွေးတွေ ပိတ်

ဥိးနှောက်တွေပိတ်

အသိဥာဏ်တွေပိတ်

ဒါပေမဲ့ အဲဒီ အပိတ် ကိုက

ရွှေရောင်ပြိုးပြက် လှပနေလေတော့

ပြက္ခဒိန်ပေါင်း ကိုးခု..ဆယ်ခု…

ဒီတိုင်း တရွတ်တိုက်

ဆုတ်ဖြဲခဲ့…

စီးဆင်းခဲ့

နစ်ဝင်ခဲ့

နစ်မွန်းခဲ့

ဒါဟာ ဘ၀ပါပဲ။

နောက် ကိုလှည့်ကြည့်ရင် ချောက်ကမ်းပါးး…

ရှေ့ကိုလှမ်းမျှော်တော့ တောင်ကမ်းပါးယံ

ပတ်ဝန်းကျင်တခုလုံးက

စနစ်ဆိုးမြူတွေနဲ့ လက်မထပ်ဘဲ အတူနေ

ရေလိုက်ငါးလိုက်ပေါ့လေ…တဲ့

လိုက်လိုက်နိုင်လွန်းတဲ့ရာစုတွေ…

လင်းလင်းနိုင်လွန်းတဲ့နောက်မီးတွေ…။

အရာအားလုံးမှာ..အချိုးကျလည်ပတ်နေလျက်က

ရုတ်တရက် လက်ခုပ်တီးမိလိုက်သလိုလို အတွေးအခေါ်တွေ

ရုတ်တရက် ထောက်ခံလိုက်မိလိုက်သလိုလို အယူအဆတွေ

ရုတ်တရက် မဲပေးလိုက်မိသလိုလို ခံယူချက်တွေက

ငါ့အရေပြားပေါ် လောက်ကောင်တွေလို ရွတက်လာတဲ့သက္ကရာဇ်ဆိုးမှာ

ငါ့ အချစ်ကို ငါ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

ငါ့အိုးစားတွေကို ငါ ကိုယ်တိုင်ရိုက်ခွဲခဲ့ပါတယ်။

ငါ့ကွန်ချက်တွေကို ငါ ဆုတ်ဖြဲလွင့်ပစ်ခဲ့ပီး

ငါ့အိပ်မက်တွေကိုငါ..သတ်ပစ်ခဲ့လိုကိတယ်။

တခါက ငါ့အိပ်မက်တွေမှာ…

“ငါတို့” ဆိုတဲ့ အသုံးလေး ကိုက…

ဘယ်လောက်ကျက်သရေရှိလိုက်သလဲလေ။

အဲဒီ တဘ၀တာ ကို..

အဲဒီ တခဏ တာနဲ့..စတေးခဲ့တာလား…တဲ့။

ငါ (ငါတို့)…က

ထပ်မံ ထွန်ယက်စိုက်ပျိုးဖို့

ဘာကြောင့် နယ်မြေသစ်တွေဆီပဲသွားခဲ့တာလဲတဲ့…။

မြေဆီလွှာအနှစ်အသားတွေကျန်နေရက်နဲ့..

ကမ္ဘာဥိးလူသားတွေလို..ဘာလို့…

စားကျက်ရွှေ့ပြောင်းနေထိုင်ရေးကိုပဲ..

အားစိုက်နေခဲ့ကြတာလဲတဲ့…။

အမေ ကိုယ်တိုင်ဒီလိုမေးရင်

မင်းကိုယ်တိုင်…ငါကိုယ်တိုင်…(ငါတို့) ကိုယ်တိုင်…

ဘယ်လိုဖြေရမှန်း…

ဘယ်လိုလေးဖြေလိုက်ရမယ်မှန်း…

ကြိုတင်ပြင်ဆင်လေ့ကျက်ပီးသား

လာနေပါပီ…။

အဖြေဟာ တိတ်တဆိတ်ခြောင်းမြောင်းတပ်ဆင်ထားတဲ့

ဒိဂျစ်တယ်ကင်မရာထဲမှာ..

မှတ်တမ်းမှတ်ရာ အပြည့်နဲ့

လူကြီးလူကောင်းဆန်ဆန်ဝတ်စားလာပါလိမ့်မယ်

ဒါဟာ အဖြေပါ။

ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ…

ကမ္ဘာကြီးက ရွာပါ.. ဆိုတာ…

ဟိုး..ကျေးလက်..ထင်းရှုးတော မှောင်မှောင်မှာ

အမေအိုကိုတယောက်ထဲ ပစ်ထားခဲ့တဲ့

သားတစ်ယောက်ရဲ့ အကောင်းဆုံး အကြောင်းပြချက်များလား။

ဒါက အခမ်းနားဆုံး စုတ်ပြတ်နေတဲ့ ၂၀၁၀ဇာတ်ဝင်ခန်း..။

ခေတ်ကတောင်းဆိုနေတာ အမေတဲ့

သားကတော့ အမေ့ကို ဘယ်ခွဲချင်ပါ့မလဲ တဲ့…

ဒီလို တခုခုကိုတိမ်းရှောင် ချင်တဲ့သားမိုက်က..

အမေ့ကိုခြေစုံကန်ခဲ့တယ်ပဲ…ဆိုပါတော့။

သံသရာ ကိုဖြတ်ချလိုက်တာ မဟုတ်ဘူး

သံသယ ကိုမကျော်လွန်နိုင်တာ

ဒါဟာ ငါ့တနိုင်တပိုင် ဘ၀တခုစာအတွက်

ငါအရဲရင့်ဆုံးထွက်ဆိုလိုက်တဲ့

နှစ်ထောင့်တစ်ဆယ်ဖြောင့်ချက်တခုပါပဲ။

လောကမှာ…

ငါမယုံတာတွေသိပ်များတယ်။

အချစ်ဆိုတာကိုငါမယုံဘူး

အချစ်နဲ့ဘ၀ အဆက်အစပ်တွေကိုငါမယုံဘူး။

လူမှုရေးဗန်းပြထားတဲ့ စည်းရုံးမှုတွေကို ငါမယုံဘူး

ဘယ်ခေါင်းစဉ်တပ်ထားတဲ့ ဘယ်ပါတီကိုမှ ငါမယုံဘူး။

လွတ်လပ်စွာမယုံကြည်ခွင့် အပြည့်အ၀နဲ့

ဘုရားသခင် ကိုပါ..သံသယစာရင်းထဲထဲ့ထားတတ်တဲ့

ငါလို...အညတရကောင်မှာ

မကြိုက်တာတွေကလဲ သိပ်များတယ်။

အစားအသောက် အတုတွေကိုမကြိုက်ဘူး

အတွေးအခေါ်အတုတွေကိုမကြိုက်ဘူး

အချစ်အတု အမုန်းအတု အပြုံးအတု

လူအတု စိတ်အတု ခံစားချက်အတု

ကဗျာအတု ဘ၀အတု အနှစ်သာရအတု။

ဟူး……

ထားလိုက်ပါတော့။

အရေးမပါတဲ့ အတု အစုတ်ပလုတ်တွေ..။

နှစ်ထောင့်ဆယ့်နှစ်လား…

ကမ္ဘာပျက်မဲ့နေ့ကို တယောထိုးရင်းစောင့်ကြည့်ချင်တယ်

ဒီလို ခပ်ကြီးကြီး အတ္တတွေ ရွှေဘောင်ကွပ်ကြည့်တိုင်း

သက်ပြင်းမောတွေချခဲ့မိတာ…

ဒါနဲ့ပါဆို...အကြိမ်သုံးဆယ်။

ကိုယ်ပိုင်မိသားစု..

ကိုယ်ပိုင်လုပ်ငန်း..

ကိုယ်ပိုင်အိုးအိမ်..

ကိုယ်ပိုင် ဘဏ်စာရင်းနဲ့..

ကိုယ်ပိုင်ဘ၀တခု..

ဘယ်မှာလဲ..ဟုတ်လား..။

တစုံတယောက်နဲ့တောင် ကြိုးညှိရမှာပျင်းတတ်လွန်းတော့

အော်ခက်စထရာတွေနဲ့ဝေးနိုင်သမျှဝေး...ဝေး...။

လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပဲ.. ဆိုလားဆိုရဲ့

ထုံထုံပေပေ ခေါင်းမာခဲ့တာ..

ဒီမှာ နှစ်သုံးဆယ်။

အမေကတော့…

“တံခွန်မရှိတဲ့ကုက္ကားတွေ” အကြောင်း ဆွေးနွေးလေ့ရှိတယ်

“မောင်တစ်ကျိပ်ပင်ရှိလင့်ကစား” ဆိုတဲ့ ရှေးအထောက်အထားတွေကို

ကိုးကားလား ကိုးကားရဲ့။

လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေကို..

နောက်ကြောင်းအေးအေး ၀င်ထိုင်ချင်ရုံသက်သက်တော့

ဒီလိုနေတာ…ဘယ်ဟုတ်ပါ့မလဲ အမေ ရယ်...ဘာညာ…ပေါ့။

ကျနော့်ရဲ့ ပုဂ္ဂလိက ဆန်မှုသက်သက်တွေကိုဖွဲ့ဆိုဖို့

နာရီပေါင်း နှစ်သိန်းကျော် လောက်ရင်းခဲ့ရတာပါ။

ဆင်သွားရင် လမ်းဖြစ်တယ်ဆိုလို့

သစ်ပင်အကြီးကြီးတစ်ပင်...ဖြစ်ချင်ခဲ့တယ်

ငှက်တစ်သောင်းလုံးအတွက်။

ဒါတွေကို…

ဒီလိုတွေကို…

အစရှိသဖြင့်....ပေါင်းများစွာတွေကို...

အကြိမ် သုံးဆယ်တိတိ

(တစ်နည်းအားဖြင့်)

အနှစ်သုံးဆယ်လုံးလုံး

ကျနော်က…

(ဘာကောင်မှ မဟုတ်သော…)

သရ က..

(ပုလဲရတုမွေးနေ့အမှတ်တရ)

ပျော့စိပျော့ဖတ် ကဗျာတပုဒ်အဖြစ်
မဖြစ်ညစ်ကျယ်..ခင်းကျင်းပစ်ချလိုက်ပါတယ်။


Poem for my coming Birthday.
May all being be free from physical and mental sufferings.
With Metta,
vowel
(29Jl2010)

1 comment:

  1. ပျော့စိ ပျော့ဖတ်ဟု ကဗျာဆရာကကိုယ်တိုင်သမုတ်၊ သတ်မှတ်ထားသော်လည်း၊ တိကျပြီး အင်အားကြီးမားသောခွန်အားကို ခင်းကျင်းပြသထားသောကဗျာဟု သတ်မှတ်လိုက်ပါသည်။

    ReplyDelete

ဝေဖန်လေကန်ကြမယ်..လာ။