ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Friday, July 16, 2010

“ကျန်ရစ်ခဲ့သော မနက်ဖန်”


ဟိုးအဝေးကြီးဆီက အနာတရတွေ
ငါ့ရင်ထဲမှာ
ယုံကြည်သလို လွတ်ကျသွားဖူးတယ်။

သိပ်ကြီးကျယ်တဲ့
မင်းနဲ့ငါနဲ့ကြားက အထားအသိုတို့
အခုတော့ ရယ်စရာ ဖြစ်သွားပြီ။
ငါတို့ရဲ့ အမှုမဲ့ အမှတ်မဲ့ ကိစ္စများ
မင်းဆံပင်တွေဆီက ကာအို ရှန်ပူနံ့
ရှောင်မရခဲ့သော နောင်တအချို့
စနစ်တကျ မိုက်မဲမှု
ပြီးတော့..
တို့ရဲ့ နှုတ်ခမ်းချင်းတည့် သစ္စာ
ဘယ်လောက်ထိအောင် ခိုင်မြဲမှာလဲ။

မင်းရဲ့ဘဝ
ငါ့ရဲ့အဓိပ္ပါယ်
အားလုံးဟာအရှက်ကြီးတဲ့ နှင်းဆီတစ်ပွင့်လို
ကြွေခဲ့ပြီ။
“ရော့..ရှင့် ကဗျာတွေ !” တဲ့
ကြည့်လိုက်မိတဲ့ မင်းမျက်နှာက
ယမ်းငွေ့တွေနဲ့ အံ့သြစရာ ဖျားလောက်တယ်။

ငါက ဘ၀ကို
လမ်းသရဲစိတ်နဲ့ဖြတ်သန်းသူပါ။
ကိုယ့်စကားလုံးကို ကိုယ်
ရဲရဲဝံ့ဝံ့ ထွန်ယက်သူပါ
မာယာ အဟောင်းတွေကို
မုန်းတီးသူပါ
ငါ့အသိဥာဏ်ကတော့
မေ့ထားချင်တဲ့ မင်းအကြောင်းတွေပေါ့
စိတ်ထဲမှာလဲ
လူအထင်ကြီးစရာ ဓမ္မတွေနဲ့
သာမန်အမှန်တရားများ... ရယ်ရတယ်။

“ဘ၀အာမခံချက်....!”
ဟုတ်လား ?
ဒီလိုဆိုတော့ မင်းအကြောင်းက
ကလေးမဆန်လွန်းဘူးလား။
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ
ငါတို့ရဲ့ သံယောဇဉ်အကြွေးတွေက ရှုပ်လွန်းတယ်။

မှားချင်လည်းမှားမယ်
ငါသိတာက အတုဆိုတာမရှိရင်
အစစ်ဆိုတာလဲ မရှိဘူး။
ဒါပေမဲ့ ငါ့အချစ်ဟာ အတုလို့တော့
ဘယ်ဝန်ခံချင်ပါ့မလဲ။

မေတ္တာတရား..တဲ့ !
နောက်ကျခဲ့တဲ့ ခံစားမှုတွေဆီမှာ
မြင်လိုက်ရပြီ။
မြေကြီးပေါ်က
နာကျင်သွားသော အခိုးအငွေ့များအဖြစ်။

(ဝေမှုးသွင်)



တိတ်ဆိတ်တိုးညင်သွားသော ညနေခင်းများကို အလွမ်းသီချင်းများ..
ဘီယာသံဗူးများနှင့်ဒဏ်ရာရ ကဗျာများဖြင့် အသက်သွင်းဖို့ကြိုးစားနေသူ
တစ်ဦးသည် သူ့ရင်ထဲတွင် ဖန်ခွက်အလွတ်တလုံးသဖွယ်လွတ်ကျသွားခဲ့သော..
အိပ်မက်+စိတ်ကူး+ယုံကြည်ချက် တို့က သွေးချင်းချင်းထွက်ပြနေသောအခါ
ထိုအမှန်တရားတစ်ခုကို “ဝေမှုးသွင်” နှင့် အတူ..
နာနာကျင်ကျင် ရယ်သွမ်းသွေးမိလိုက်ပါသည်။

အချင်းချင်းအမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့်ငြိမ်းအေးသာယာနိုင်ကြစေ။

သရ
(ဂျုလိုင်၁၆)


1 comment:

  1. အနီရောင်ဦးထုပ်ကိုဆောင်းပြီး ရေးစပ်ခဲ့တဲ့ငါ့ကဗျာတွေကို .... အနက်ရောင်ဦးထုပ်ဆောင်းပြီး ....မင်းကဖတ်.... ဝိရောဓိတွေက များပြားလွန်းခဲ့တော့ ...... အပြာရောင်ကို အသာထား အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်ဦးထုပ်တွေကိုတောင် ငါ .... ကောင်းကောင်းမဆောင်းနိုင်ပါဘူး။

    ReplyDelete

ဝေဖန်လေကန်ကြမယ်..လာ။